
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် စက်တင်ဘာ ၆ ရက်က လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြသည်။
ယောကျ်ားလေးဘော်ဒါဆောင်ရှိသည့် ပြိုကျခဲ့ရာ ငါးထပ်အဆောက်အအုံအတွင်း လူမည်မျှရှိနေခဲ့သည်ကို အတိအကျ မသိရသေးဘဲ မျက်မြင်သက်သေများက အဆောက်အအုံပြိုကျချိန် လူ ၂၀ မှ ၄၀ ခန့် ရှိလောက်သည်ဟု ပြောသည်။
အာဏာပိုင်များ၏ အတည်ပြုချက်အရ လူ ၁၂ ဦးကို ဆေးရုံသို့ပို့လိုက်ပြီး ခုနစ်ဦး သေဆုံးခဲ့သည်။ ဒေလီဝန်ကြီးချုပ် ရီခါဂူပ်တာက အဆောက်အအုံ၏ မြေအောက်ခန်းအတွင်း ရေများစုပုံလာခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် ပြိုကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
ယင်းအဆောက်အအုံတွင် နေထိုင်သူအများစုက ကျောင်းသားများဖြစ်ပြီး တနင်္ဂနွေနေ့လည်း ဖြစ်သည့်အတွက် အတန်းများမရှိသဖြင့် ကျောင်းသားအများအပြား အဆောင်တွင် ရှိနေခဲ့မည်ဟု ယူဆရသည်။ လွှတ်တော်အမတ်တစ်ဦးက အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် ကျောင်းသားအချို့က ဖုန်းဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ရဲတပ်ဖွဲ့အဆိုအရ ပြိုကျခဲ့သည့်အဆောက်အအုံသည် သက်တမ်းအားဖြင့် နှစ် ၄၀ - ၅၀ ခန့် ရှိပြီဖြစ်သည်။ ထိုအဆောက်အအုံကို နှစ် ၁၀၀ ငှားရမ်းခွင့်စာချုပ်ဖြင့် အသုံးပြုနေပြီး ငှားရမ်းအသုံးပြုသူက အဆောင်တိုးချဲ့ရန် မြေအောက်ခန်းအတွင်း တူးဖော်ရေးလုပ်ခဲ့သည်ဟု အနီးနားရှိ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ အဆောက်အအုံပိုင်ရှင်ကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး ရှာဖွေလျက်ရှိသည်။
Ref: BBC
Photo: AP