Eleven Media Group

■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားလျက်ရှိသည်ဟု မော်တော်ယာဥ်မောင်းနှင်သူအချို့ထံမှ သိရသည်။

စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်မှစတင်ကာ ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ပြည်လမ်း ခုနစ်မိုင်ကျော် ရှစ်မိုင် ဂုံးတံတားအတက်မှာ ရေပြည့်နေလို့ ကားတွေရှောင်မောင်းနေရတယ်" ဟု မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

အလားတူ တာမွေအဝိုင်း၊ ငါးထပ်ကြီး ဘုရားအနီး၊ ရွှေဂုံတိုင်တံတားအနီး၊ Chatrium ဟိုတယ်အနီး ဖိုးစိန်လမ်းတွင်လည်း ကားလမ်းမပေါ် ရေလျှံမှုဖြစ်ပွားနေသဖြင့် မော်တော်ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားနေသည်ဟု သိရသည်။

ရေကြီးရေလျှံမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းအချို့တွင် ယာဥ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားမေသည်ဟု သိရသည်။

"မိုးက ရေတော်တော်ပါတယ်။ လေပါပါတယ်။ သာကေတကျောက်တိုင်နားမှာဆို ကားတွေပိတ်နေတယ်" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့် ရှိနေပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေသည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလက ဆိုသည်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုရန် မိုးဇလက အသိပေးထားသည်။

မူရင်းသတင်း — Eleven Media Group