Eleven Media Group

တံတားဦးမြို့နယ်တွင် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတာဦးမြို့နယ်အတွင်းရှိ ပန်းယျကျေးရွာ၊ မြေတော်ရွာ၊ တဘက်ဆွဲရွာနှင့် ရွာကုန်းကျေးရွာတို့ပူးပေါင်းပြီး မြန့်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် လှေလှော်အသင်း ရှစ်သင်းမှ လှော်ခတ်ပြိုင်ပွဲဝင်ကြခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာထဲက မဟာရွှေတောင်တော်မြတ်စွာဘုရားပွဲတော်နှင့်အတူ ကျင်းပလေ့ရှိကြောင်းလည်း သိရသည်။

“လှေလှော်ပြိုင်ပွဲကို ရိုးရာအစဉ်လာမပျက် မိဘဘိုးဘွားတွေလက်ထက်ထဲက ကျင်းပခဲ့တာဖြစ်ပြီး မကျင်းပဖြစ်တာအတော်ကြာပြီ။ အခုမှ ပြန်ကျင်းပဖြစ်တာပါ။ အရင်ကဆိုရင် အမျိုးသမီးပြိုင်ပွဲဝင်တွေပါ ဝင်ပြိုင်ကြတာ။ အကြိတ်အနယ်ပဲ” ဟု လှေလှော်အသင်းဥက္ကဋ္ဌ ဦးမော်ကြီးက ပြောကြားသည်။

“ဒို့ဘိုးဘွားတို့ရဲ့အမွေ အစဉ်အလာမပျက် ပါဝင်ဆင်နွဲ့ကြစို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အဆိုပါလှေပြိုင်ပွဲသည် တံတားဦးမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်မှ ဒေသခံများအတွက် စည်းလုံးမှုနဲ့ ရိုးရာယဉ်ကျေးမှုကို အခြေခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဆုများအနေဖြင့် ပထမဆု ခြောက်သိန်း၊ ဒုတိယဆု လေးသိန်း၊ တတိယဆုအတွက် သုံးသိန်း သတ်မှတ်ထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group