
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ရေစီးနှင့်အတူ မျှောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
"ခုချိန်ထိတော့ ရှာမတွေ့သေးပါဘူး။ ရှာဖွေရေးအဖွဲ့တွေရော အကုန်လုံး ဝိုင်းရှာပေးကြတာပါ။ အခုထိ မတွေ့သေးဘူး။ မနက်ကျ ပုဇွန်တောင် ချောင်းမှာ ရှာမယ်လို့တော့ပြောတယ်"ဟု ပျောက်ဆုံးနေသည့် ကလေး၏ မိသားစုဝင်တစ်ဦးက စက်တင်ဘာ ၇ ရက်ညက ပြောကြားခဲ့သည်။
တာမွေမြို့နယ် စည်ပင်အိမ်ရာဝန်းမှာ ၁၅၄ လမ်းတွင်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိိသူများက အဆိုပါနေရာအနီးရှိ ရေမြောင်းများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ကြောင်း သိရသည်။
ပုံစာ- စက်တင်ဘာ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေအိုးရှင်းရှေ့၌ ရေကြီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)