Eleven Media Group

မုဒုံမြို့နှင့် မော်လမြိုင်မြို့တို့တွင် နေအိမ်မီးလောင်မှုများဖြစ်ပွား

မုဒုံ နှင့် မော်လမြိုင်မြို့တို့တွင် နေအိမ်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၇) ရက်နေ့မွန်းလွဲ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်က မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကုက္ကိုလ်တန်းရပ်၊ ရွှေညောင်ပင် (၂) လမ်းရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အတွင်း ရေစိုနေသည့် ထင်းများအား ထင်းမီးဖြင့် ကြပ်ခိုးတင်ထားရာမှ စောင့်ကြည့်မည့် သူမရှိဘဲ မီးစွဲလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီအိမ်က အိမ်ငှားတင်ထားတဲ့နေအိမ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုမီးလောင်မှုအား မုဒုံမြို့နယ်မီးသတ်စခန်းနှင့် ဘဲရမ်းကျေးရွာရှိ အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီးဖြင့် သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ (၇) ရက်နေ့၊ ည (၉) နာရီဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်၊ မြို့ရှောင်လမ်းရှိ မျက်နှာဝ ပေ (၂၀)၊ အလျား ပေ (၇) ပေရှိ သွပ်မိုးနှစ်ထပ် နေအိမ်နေအိမ်တစ်လုံးတွင်လည်း (၃) မိနစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲကာ အနီးရှိ အဝတ်အစား များနှင့် ကတ္ထူစက္ကူများ၊ ဂတ်စ်ဗူးအသေး (၂) ဗူးတို့အား ကူးစက်လောင်ကျွမ်းသွားခဲ့ရာက မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား မော်လမြိုင်မြို့နယ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၄) စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၉) နာရီ (၂၅) မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group