Eleven Media Group

■ ၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနား တောင်ကြီးမြို့တွင် ပြုလုပ်

၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေစိုက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်သွားခဲ့ရသော ကလေးများအတွက် "ကျောင်းပြင်ပမူလတန်းပညာရေး" အစီအစဉ် (NFPE - Non Formal Primary Education) ကို ချမှတ်ပြီး Level-1; Level -2 အောင်မြင်ပြီးပါက အခြေခံပညာအလယ်တန်းအဆင့် Grade - 6 ဆဋ္ဌမတန်းသို့လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေး Level-1 , Level-2, Level-3 သို့လည်းကောင်း ဆက်လက်တက်ရောက်နိုင်ပြီး ထိုအဆင့် အောင်မြင်ပြီးမြောက်ပါက အခြေခံပညာအထက်တန်း Grade - 10, Grade - 11, Grade - 12 အထိ ဆက်လက်သင်ယူခွင့်ရရှိအောင် ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

လူတိုင်း စာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပပညာရေးလုပ်ငန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသော အသက် (၁၀) နှစ်မှ (၁၆) နှစ်အထိ ကျောင်းပြင်ပမူလတန်းနှင့် အသက် (၁၄) နှစ်မှ (၂၁) နှစ်အထိ သက်ရွယ်လွန်ကလေးများအတွက် ကျောင်းပြင်ပပညာရေး အတန်းနေရာချထားမှု အထူးအစီအစဉ် Placement Test ကို ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

Placement Test အစီအစဉ်ကို ၉-၈-၂၀၂၆ နေ့တွင် ဖြေဆိုခဲ့ပြီး ၂၇-၈-၂၀၂၆ ရက်နေ့တွင် အောင်စာရင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အောင်မြင်သူ စုစုပေါင်း (၁၆) ဦးရှိကြောင်း၊ ကျောင်းပြင်ပ ပညာရေးစခန်းများအနေနှင့် တောင်ကြီးမြို့နယ်၊ လွယ်လုံစခန်းတွင် ကျောင်းသား ကျောင်းသူ (၁၁၀) ဦး၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်စခန်းတွင် (၁၁၃) ဦး၊ ကလောမြို့နယ်၊ သီတဂူကမ္ဘောဇ ပညာရေးစခန်းတွင် (၄၁) ဦး၊ ဟိုပုံးမြို့နယ်၊ ဖာလိုင်မိုင်းပျဉ်းစခန်းတွင် (၂၂၂) ဦး၊ နောင်တောင်းသီလရှင်စခန်းတွင် (၆၆) ဦး၊ လွိုင်လင်မြို့နယ်၊ အမက (နောင်ဟူး) သဘာဝရိပ်သာစခန်းတွင် (၉၄) ဦး၊ ဆီဆိုင်မြို့နယ်၊ နောင်အယယ်စခန်းတွင် (၁၆၃) ဦး တက်ရောက်သင်ယူနေကြပြီဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပရောက်ရှိနေသော ကလေးများအတွက် ကျောင်းပြင်ပမူလတန်းပညာရေး၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များအပြင် အသက် ၁၅ နှစ်နှင့်အထက် အသက်အရွယ်များအတွက် အခြေခံစာတတ်မြောက်ရေးအစီအစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးပွားရေး နည်းပညာနှင့်အသက်မွေးပညာရေးများ ပါဝင်သော စဉ်ဆက်ပညာရေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။

ပညာရေး၏ အခြေခံဖြစ်သော စာတတ်မြောက်ရေး လှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုးဆက်ဖြစ်သော ဆင်းရဲနွမ်းပါးမှုလျှော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ မိခင်နှင့် ကလေးသူငယ်များ ကျန်းမာရေးအသိများ တိုးပွားခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ခြင်း၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်း စသော အခွင့်အလမ်းကောင်းများရရှိအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းပြီး လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား ဆောင်ရွက်ကြရန်လိုကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group