Myanmar National Post

ပြင်ဦးလွင်ခရိုင်၌ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)တွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ


ပြင်ဦးလွင်၊ စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) သွားရောက်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲတွင်  ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်က ပြင်ဦးလွင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမျိုးခိုင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုသည်။

အဆိုပါပြိုင်ပွဲကို ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ခေတ်ဟောင်းကာလပေါ်တေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေး၊ တပင်တိုင်အက၊ ကဗျာလွတ်အက၊ ကျေးလက်ရိုးရာအက၊ စောင်း၊  ပတ္တလား၊ စန္ဒရား၊ တယောပြိုင်ပွဲများအား တစ်ဦးချင်း ၂၅ ဦး၊ အဖွဲ့လေးဖွဲ့ဖြင့် ၇၄ ဦး၊ စုစုပေါင်း ၉၉ ဦး ၀င်ရောက်ယှဉ်ပြိုင်သည်။ 

ထိုသို့ယှဉ်ပြိုင်ရာတွင် ပထမဆုငါးဆု၊ ဒုတိယဆုငါးဆုနှင့် တတိယဆုလေးဆု၊ စုစုပေါင်း ၁၄ ဆုရရှိခဲ့ပြီး ပထမဆုရရှိသော ဆေးတလုံးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးတေး အဆိုပြိုင်ပွဲဆုရှင်၊ ကျွဲနွား‌ထောက်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကဗျာလွတ်(အဖွဲ့)ဆုရှင်၊ ရွှေသု၀ဏ်ကိုယ်ပိုင်အထက်တန်း ကျောင်းမှ စောင်းပြိုင်ပွဲဆုရှင်၊ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပတ္တလားပြိုင်ပွဲဆုရှင်နှင့် တန်ခူးခင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ စန္ဒရားပြိုင်ပွဲဆုရှင် စုစုပေါင်းလေးဦးနှင့်တစ်ဖွဲ့တို့မှာ ဗဟိုအဆင့်သို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ 


သွေးသွေး

#News #Myanmar

မူရင်းသတင်း — Myanmar National Post