

ပခုက္ကူ၊ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးစနစ် (Cooperative-Based Farming Project- CBFP) စီမံကိန်းအကြောင်း အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်လွင်က "သမဝါယမစနစ်ကိုအခြေခံ၍စိုက်ပျိုးရေးစနစ် (CBFP)စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တောင်သူများစုပေါင်းစိုက်ပျိုးခြင်း/စုပေါင်းအကျိုးခံစားခြင်းအလေ့အထကောင်းများရရှိစေရေး၊ မိရိုးဖလာ စိုက်ပျိုးရေးမှ စနစ်ကျသောစိုက်ပျိုးရေး/စက်မှုလယ်ယာစိုက်ပျိုးရေးသို့ကူးပြောင်းနိုင်ရေး၊ လုပ်ငန်းရှင်များပူးပေါင်းပါဝင်မှုနှင့် အတူ တောင်သူများစုပေါင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်းသက်သာပြီး သီးနှံအထွက်နှုန်းတိုး တက်ကောင်းမွန်ကာ အရည်အသွေးမြှင့်ထုတ်ကုန်ရရှိစေရေး၊ ဈေးကွက်ယှဉ်ပြိုင်မှုမြင့်မားလာစေရေး စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း" ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့မှတာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦးတို့က သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေးစနစ် (Cooperative-Based Farming Project- CBFP) စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News