Myanmar National Post

ဖီဖာ လူမှုအကျိုးပြုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ





ရန်ကုန်၊ စက်တင်ဘာ ၈

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဖီဖာ လူမှုအကျိုးပြုကော်မတီ (FIFA Football Social Responsibility Committee) ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ အာဂျင်တီးနားဂန္ထဝင် ကစားသမား ဂျာဗီးယား ဇနက်တီနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရာဇီး၊ စပိန်၊ ဥရုဂွေး၊ ချီလီ၊ မြောက်အိုင်ယာလန်၊ စလိုဗေးနီးယား၊ ရိုမေးနီးယား၊ ဖာရိုးကျွန်းစု၊ အန်ဒိုရာ၊ အင်ဂိုလာ၊ ဘီနင်၊ အီသီယိုးပီးယား၊ နမီးဘီးယား၊ ချက်ဒ်၊ ယီမင်၊ မော်လ်ဒိုက်၊ နီပေါ၊ ကွတ်ခ်ကျွန်းစု၊ ဘဟားမားနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

ထို့ပြင် ဖီဖာအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းရေးရာချုပ် ဒန်နီယယ် အိုတူးလ်၊ အုပ်ချုပ်မှုနှင့် သက်ဆိုင်သူများဆိုင်ရာ ညွှန်ကြားရေးမှူး လူကာ နီကိုလာ၊ လူ့အခွင့်အရေးနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးတာဝန်ခံ ဂတ်ဒ် ဒမ်ဘောစကီး၊ အမျိုးသမီးဘောလုံးရေးရာတာဝန်ခံ ဆာရိုင်း ဘာရီမန်း အပါအဝင် အကြီးတန်းအရာရှိများ အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး အဖွင့်အမှာစကားတွင် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖီဖာကောင်စီကိုယ်စားလှယ်၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် ဖီဖာအရာရှိများအား နှုတ်ခွန်းဆက်သခဲ့ပြီး ကော်မတီ၏ လုပ်ငန်းများအတွက် ဆက်လက်ပါဝင်ကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ရေရှည် တည်တံ့ရေး၊ လူ့အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အစီအစဉ်များနှင့်အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဖီဖာဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနို၊ အထွေထွေအတွင်းရေးမှူး မက်တီးယပ်စ် ဂရပ်ဖ်စထရမ်း၊ ဖီဖာကောင်စီဝင်များနှင့် ဖီဖာအဖွဲ့သားများအားလုံးကို ဂုဏ်ပြုချီးကျူးခဲ့သည်။ ဖီဖာအနေဖြင့် ကမ္ဘာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရင်း လူမှုရေးတာဝန်ယူမှု၊ အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအလေးထားလာသည်ကိုလည်း အားပေးထောက်ခံခဲ့သည်။

အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းလမ်းညွှန် (Terms of Reference)၊ ဖီဖာ လူ့အခွင့်အရေးနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးဌာန၏ ဆောင်ရွက်ချက်များ၊ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ သုံးသပ်တင်ပြချက်၊ ဖီဖာ Global Citizen Education Fund ဆိုင်ရာ ရှင်းလင်းချက်၊ ၂၀၂၇ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားအတွက် ရေရှည်တည်တံ့ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ တိုးတက်မှုအခြေအနေနှင့် အာဖဂန်နစ္စတန် အမျိုးသမီးအသင်းဆိုင်ရာ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် အမြဲတမ်းကော်မတီ၏ ဗျူရိုဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုကို တက်ရောက်လာသည့် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့်အတူ ပြုလုပ်ခဲ့ပြီး၊ ဖီဖာအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ၎င်းတို့တွင် ဘောလုံးအားကစားအတွင်း လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကိစ္စများအတွက် FIFA - UN နှင့် NGO များ ပူးပေါင်း၍ စီမံကိန်းရေးစွဲပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆောင်ရွက်နိုင်ရေးအတွက် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားရေး အားပေးထောက်ခံခဲ့ပြီး၊ ကမ္ဘာ့ဘောလုံးလောကတစ်ဝှမ်း ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဖီဖာအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားရန် တိုက်တွန်းကာ အကြံပြုချက်များကိုလည်း ကော်မတီဝင်များထံ ဝေမျှပြောကြားခဲ့သည်။

၂၀၂၇ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရေရှည်တည်တံ့ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ တိုးတက်မှုအခြေအနေကို ဖီဖာ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပေါလာ ဂါဗရီရဲလာ ဒီအိုလီဗေးရာ ဖရေးတပ်စ် က တင်ပြခဲ့သည်။ အဆိုပါမဟာဗျူဟာတွင် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် အုပ်ချုပ်မှု ဟူသော အထောက်အပံ့ကဏ္ဍလေးရပ် ပါဝင်ပြီး ပြင်ဆင်ရေး၊ ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲအလွန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ တင်ပြချက်တွင် ကာကွယ်စောင့်ရှောက်ရေး၊ အားကစားကွင်းစစ်ဆေးရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် တိုင်ကြားမှုဖြေရှင်းရေးယန္တရား၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တိုင်းတာရေး၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးနှင့် အားကစားကွင်းများ ရေရှည်တည်တံ့ရေး၊ ဒေသတွင်းပစ္စည်းဝယ်ယူရေးနှင့် ပြိုင်ပွဲသုံးပစ္စည်းများကို ရေရှည်အသုံးချရေး၊ ကျင်းပရာမြို့များနှင့် အားကစားကွင်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း အဆိုပါမဟာဗျူဟာနှင့်ပတ်သက်၍ ဝင်ရောက်ဆွေးနွေးခဲ့ပြီး ၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလား ကျင်းပရေး ဆောင်ရွက်မှုအခြေအနေများကို ကြိုဆိုအားပေး တိုက်တွန်းခဲ့သည်။

ထို့နောက်တွင် အာဖဂန်နစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းဆိုင်ရာ အခြေအနေကို ဖီဖာ အမျိုးသမီးဘောလုံးရေးရာအရာရှိချုပ် ဆာရိုင်း ဘာရီမန်း က တင်ပြခဲ့သည်။ တင်ပြချက်တွင် ဖီဖာနှင့် AFC ပြိုင်ပွဲစည်းမျဉ်းများအရ အသင်း၏ရပ်တည်ချက်နှင့် မှတ်ပုံတင်ခွင့်ဆိုင်ရာ ဥပဒေရေးရာသုံးသပ်ချက်၊ ဖွဲ့စည်းပုံနှင့် အဓိကရာထူးနေရာများ သုံးသပ်ချက်၊ ၂၀၂၆–၂၀၂၈ ကနဦးဘတ်ဂျက်၊ နည်းပြချုပ်နှင့် စီမံကိန်းညှိနှိုင်းရေးမှူး ခန့်အပ်ရေး၊ ကစားသမားရှာဖွေရေးနှင့် ကစားသမားများအတွက် ဖီဖာ၏ ပံ့ပိုးမှုအစီအစဉ်များ ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုပါအသင်းအား ပြန်လည်ဖွဲ့စည်းပြုပြင်ရေးလုပ်ငန်းများကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်စေရန် ထောက်ခံအားပေးခဲ့သည်။

ထို့အပြင် ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုင်ငံတကာမသန်စွမ်းသူများအား အားပေးမြှင့်တင်သည့် အစီအစဉ်များကို ရေရှည်တည်တံ့စွာ ဆက်လက်ဆောင်ရွက်သွားရန်၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (Child Safeguarding) လုပ်ငန်းများကို ဆက်လက်အားဖြည့်သွားရန်နှင့် အမျိုးသမီးဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အားပေးသွားရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် Football for Schools အစီအစဉ်ကို ရေရှည်တည်တံ့သည့်ပုံစံဖြင့် ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန်နှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ ကလေးငယ်များ ဘောလုံးအားကစားနှင့် ပညာရေး အခွင့်အလမ်းများ ရရှိနိုင်ရေးကို ဆက်လက်ပံ့ပိုးပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။

နိဂုံးချုပ်အမှာစကားတွင် ဦးဇော်ဇော်က ကော်မတီဝင်များ၏ အကျိုးရှိသော ပါဝင်ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ယနေ့တင်ပြချက်များသည် ကာကွယ်စောင့်ရှောက်ရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးမှသည် ရေရှည်တည်တံ့ရေး၊ ပညာရေးနှင့် သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးအထိ ဖီဖာ၏ လူမှုရေးတာဝန်ယူမှုလုပ်ငန်းများ ကျယ်ပြန့်မှုကို ဖော်ပြနေကြောင်း ဆိုသည်။ ဤကတိကဝတ်များကို ဘောလုံးအားကစားနှင့် လူ့အဖွဲ့အစည်းအတွင်း လက်တွေ့အကျိုးဖြစ်ထွန်းစေရေး ဆက်လက်ဆောင်ရွက်ရန်မှာ ကော်မတီ၏တာဝန်ဖြစ်ကြောင်း အလေးပေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ကော်မတီ၏ နောက်ထပ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း လူကိုယ်တိုင်တက်ရောက်သည့် ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ပြီး၊ ကျင်းပမည့်နေရာကို ထပ်မံအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post