
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ် သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၄ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး ဒေါ်နှင်းနှင်းအေး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ် သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်၊ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဖျော်ဖြေတီးခတ် တင်ဆက်ကပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဈေးဆိုင်ခန်းများ၊ အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို ယနေ့ (အောက်တိုဘာ ၂၄ ရက်) မှ အောက်တိုဘာ ၂၇ ရက်အထိ နေ့စဉ် နံနက်ပိုင်းမှ ည ၁ဝ နာရီအထိ ရောင်းချပြသသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်း ရှင်များအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UMFCCI အသင်းချုပ်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပါဝင်ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရန် စာအုပ်အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြခန်းများလည်း အပါအဝင် စုစုပေါင်း ဆိုင်ခန်း ၆၂၈ ခန်းကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ် စတုဒိသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ပွဲတော်လာ ပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိကာ အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
Photos: Yangon Region Government News