Eleven Media Group

■ ရန်ကုန်တိုင်းတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ခြောက်နှစ်အတွင်း ခွေးကိုက်ခံရမှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ခွေးလေခွေးလွင့်ကျဆင်းရေး မည်သို့ဆောင်ရွက်မည်နည်းဟု သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ခြောက်နှစ်အတွင်း ခွေးကိုက်ခံရမှုကြောင့် သေဆုံးသူ ၈၀ ကျော်ရှိခဲ့ပြီး ခွေးလေခွေးလွင့်ကျဆင်းရေး မည်သို့ဆောင်ရွက်မည်နည်းဟု အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သာကေတမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က မေးမြန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ လမ်းမများနှင့် လမ်းကြားများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိကျက်စားနေသည့် ပိုင်ရှင်မဲ့ခွေးပေါင်း မြောက်မြားစွာရှိကြောင်း၊ အဆိုပါ ခွေးများသည် အနီးပတ်ဝန်းကျင်ရှိ လာသမျှ လူများအား ဟောင်ခြင်း၊ လိုက်ဆွဲခြင်းနှင့် ကိုက်ခဲခြင်းများရှိကြောင်း၊ ခွေးလေခွေးလွင့်များနှင့်ပတ်သက်၍ ယခင်ကတည်းက နည်းမျိုးစုံဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရှင်းလင်းသုတ်သင်မှုများရှိခဲ့ကြောင်း၊ ထိုသို့ ရှင်းလင်းသုတ်သင်မှုအပေါ် ခွေးချစ်သူများ၏ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း အဆိုပါ ခွေးများကို တာဝန်ယူ တာဝန်ခံသည့် အဖွဲ့အစည်းမရှိခဲ့ကြောင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က ပြောကြားသည်။

ခွေးလေခွေးလွင့်များအား သုတ်သင်ရှင်းလင်းမှုသည်လည်း ကာလတစ်ခုသာ ကြာမြင့်ခဲ့ပြီး ပြန်လည်ပေါက်ဖွား တိုးပွားလာကြောင်း၊ စားကြွင်းစားကျန်များကို ကျွေးမွေးရာမှစ၍ အမှိုက်ပုံများတွင် ဝင်ရောက်ရှာဖွေစားသောက်ရာမှ ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပွားလာရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"နေ့စဉ်နဲ့အမျှ ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များ၊ ဈေးသွားဈေးဝယ်သူများ၊ လမ်းဘေးဈေးရောင်းလာသူများ၊ အလုပ်ဆင်း အလုပ်ပြန် လုပ်သားများ၊ စက်ရုံဝန်ထမ်းများ၊ နိုင်ငံခြားဝန်ထမ်းများဟာ ခွေးကိုက်ခံရပြီဆိုတာနဲ့ နီးရာ ဆေးခန်း၊ အစိုးရဆေးရုံများသို့ သွားပြီး ခွေးရူးပြန်ရောဂါ ကူးစက်ခံရမလားဆိုတဲ့ စိုးရိမ်သောကတွေအပြင် ကာကွယ်ဆေးကို သတ်မှတ်ချက်ပြည့်မီအောင် အကြိမ်ကြိမ် ထိုးနိုင်ရသဖြင့် ကုန်ကျစရိတ်တွေ၊ နာကျင်မှုဝေဒနာတွေ ကိုက်တဲ့ခွေးရဲ့ ခွေးရာဇဝင်ကို မရ စသဖြင့် စိတ်ဖိစီးမှုများစွာ ခံစားကြရပါတယ်။ နောက်ကျသွားပြီဆိုတာနဲ့ ခွေးရူးပြန်ရောဂါလက္ခဏာပြပြီဆိုတာနဲ့ ကုသ၍မရတော့ပဲ ရာခိုင်နှုန်းပြည့် သေဆုံးရတဲ့ရောဂါဖြစ်နေပါတယ်"ဟု သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က ပြောကြားသည်။

ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခွေးလေခွေးလွင့် ထိန်းချုပ်ရန် စည်ပင်သာယာရေးကော်မတီနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ရာတွင် ခွေးလေခွေးလွင့်များ ကျဆင်းအောင် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာကော်မတီ နယ်နိမိတ်အတွင်း ပိုင်ရှင်မဲ့လေလွင့်ခွေး ပေါက်ဖွားမှုထိန်းချုပ်နိုင်မှုနှင့် လျော့နည်းစေမှုအတွက် ဆောင်ရွက်ရာတွင် တိရစ္ဆာန်ဆေးကုရေးနှင့် ထုတ်လုပ်ရေးဌာန၊ တိရစ္ဆာန်ဆေးကုဌာနခွဲအနေဖြင့် မြို့နယ်/ရပ်ကွက်များအတွင်း အဆိပ်ဆေးဖြင့် ရှင်းလင်းခြင်း၊ မေ့ဆေးဖြင့် ဖမ်းဆီး၍ ဂေဟာသို့ ပို့ဆောင်ခြင်း နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တိရစ္ဆာန်ဆေးကုဌာနခွဲသို့ တင်ပြတောင်းခံလာမှုအပေါ် အဆိပ်ဖြင့် ရှင်းလင်းလိုပါက အိန္ဒိယနိုင်ငံမှ မှာယူတင်သွင်းထားသည့် ခွေးအဆိပ်ဆေးအသုံးပြု၍ ရှင်းလင်းဆောင်ရွက်ပေးပြီး ထိုသို့ ရှင်းလင်းဆောင်ရွက်ရာတွင် ခွေးတစ်ကောင်အတွက် သတ်မှတ်ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်၊ မေ့ဆေးဖြင့် ဖမ်းဆီး၍ ဌာနခွဲပိုင် လှိုင်သာယာ ခွေးစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ရာတွင် ခွေးတစ်ကောင်အတွက် သတ်မှတ်ဝန်ဆောင်ခ ၁၅၀၀၀ ကျပ် ပေးသွင်းရကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ဆေးရုံ၊ စာသင်ကျောင်း၊ သာသနာရေးအဆောက်အအုံ၊ ကော်မတီပိုင်စျေး၊ ပန်းခြံများနှင့် ကော်မတီမှ အခမဲ့ ကင်းလွတ်ခွင့်ပြုသည့်နေရာများတွင် ခွေးလေခွေးလွင့် ရှင်းလင်းခြင်းနှင့် ပြောင်းရွှေ့ခြင်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

ခွေးကိုက်ခံရပါက ရန်ကုန်မြို့တော်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ပြည်သူ့ဆေးရုံ၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံ၊ လှိုင်သာယာပြည်သူ့ဆေးရုံ၊ သန်လျင်ပြည်သူ့ဆေးရုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ပြည်သူ့ဆေးရုံ စုစုပေါင်း (၇) နေရာတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

၂၀၁၇ ခုနှစ်တွင် ခွေးလေခွေးလွင့် ရှင်းလင်းရေးနှင့်ပတ်သက်၍ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား လေးမြို့နယ်တွင် စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ ယင်းမြို့နယ်လေးခုတွင် ခွေးရူးကင်းစင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ စီမံချက်မျိုး မရှိတော့ကြောင်း၊ ယခုအခါ ထိုကဲ့သို့ စီမံချက်ဖြင့် ဆောင်ရွက်ပါက ပိုင်ရှင်မဲ့လေလွင့်ခွေး ပေါက်ဖွားမှုထိန်းချုပ်ရေးနှင့် လျော့နည်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယူဆကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အကြံပြုပြောကြားခဲ့သည်။

ထိုသို့ အကြံပြုပြောကြားမှုအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်ရွေးချယ်၍ ခွေးလေခွေးလွင့် အများဆုံးဖြစ်နိုင်သည့် နေရာများတွင် စီမံချက်ရေးဆွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group