Myanmar National Post

တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်


တီးတိန်၊ စက်တင်ဘာ ၉

ချင်းပြည်နယ်သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးသော ချေးငွေများ ရယူဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ချေးယူဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ၇-၉-၂၀၂၆ ရက်နေ့က တွန်းဇံမြို့ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ်များနှင့် လုံးဝပျက်စီးသွားသည့်နေအိမ်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယနေ့တွင်လည်း တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ဌာနအလိုက် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက တင်ပြသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တွန်းဇံမြို့ရှိ ရုံးဌာန အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post