Myanmar National Post

ထိုင်ဝမ်သည် မည်သည့်အခါကမျှ နိုင်ငံတစ်နိုင်ငံမဟုတ်ခဲ့သလို နောင်လည်း လုံးဝမဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို


ပေကျင်း၊ စက်တင်ဘာ ၉ 

ထိုင်ဝမ်သည် မည်သည့်အခါကမျှ နိုင်ငံတစ်နိုင်ငံမဟုတ်ခဲ့သလို နောင်လည်း လုံးဝမဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ လိုက်ချင်းသဲ အာဏာပိုင်အဖွဲ့သည် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို ထင်သလို ပုံဖျက်လိုက်ခြင်းသည် ၎င်း၏ “ထိုင်ဝမ်ခွဲထွက်ရေး” ပင်ကိုစရိုက်ကို ထပ်မံဖော်ထုတ်လိုက်ခြင်းဖြစ်ကြောင်း၊ ၎င်း၏ မှားယွင်းသော အယူအဆများက ရေလက်ကြားနှစ်ဖက်ဒေသသည် တရုတ်နိုင်ငံတစ်နိုင်ငံတည်းတွင် ဖြစ်သည်ဟူသော သမိုင်းနှင့် ဥပဒေဆိုင်ရာ အမှန်တရားများကို ပြောင်းလဲနိုင်မည်မဟုတ်သလို နိုင်ငံတကာအသိုင်းအဝိုင်း၏ တရုတ်တစ်နိုင်ငံတည်းဟု လက်ကိုင်ထားသည့် ခိုင်မာသော အခင်းအကျင်းကို ယိမ်းယိုင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတင်းများအရ အခမ်းအနားတစ်ခု တက်ရောက်စဉ် လိုက်ချင်းသဲက တရုတ်နိုင်ငံသည် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို မှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုသည်ဟု အခြေအမြစ်မရှိ ပြောဆိုကာ ထိုင်ဝမ်သည် “အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ” ဖြစ်၍ အဆိုပါဆုံးဖြတ်ချက်သည် ကုလသမဂ္ဂတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကိုယ်စားပြုခွင့်ကိုသာ ဖြေရှင်းပေးခဲ့ပြီး ထိုင်ဝမ်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းပြောဆိုချက်များနှင့် ပတ်သက်၍ မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။

“ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာရှိတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲမရတဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုဖြစ်တယ်၊ ဒါဟာ ယိမ်းယိုင်နိုင်မှာမဟုတ်တဲ့ သမိုင်းနဲ့ ဥပဒေဆိုင်ရာ အမှန်တရားတွေဖြစ်တယ်” ဟု မော်နင်က ဆိုခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် တရုတ်၊ အမေရိကန်နှင့် ဗြိတိန် အစိုးရများက ထုတ်ပြန်ခဲ့သော ကိုင်ရိုကြေညာချက်တွင် ဂျပန်က ခိုးယူထားသော ထိုင်ဝမ်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ရန် အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ၁၉၄၅ ခုနှစ် “ပေါ့စ်ဒမ်ကြေညာချက်” က “ကိုင်ရိုကြေညာချက်၏ စည်းကမ်းချက်များကို မဖြစ်မနေ အကောင်အထည်ဖော်ရမည်” ဟု ထပ်လောင်းအတည်ပြုခဲ့ကြောင်း၊ ဤနိုင်ငံတကာဥပဒေအရ အာဏာတည်သော စာရွက်စာတမ်းများစွာသည် ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရှင်းလင်းစွာ အတည်ပြုထားကြောင်း မော်နင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ သည် တရုတ်တစ်နိုင်ငံတည်းမူကို လေးနက်စွာ အတည်ပြုထားကြောင်း၊ အဆိုပါဆုံးဖြတ်ချက်တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခွင့်အရေးအားလုံးကို ပြန်လည်ရရှိစေရန်နှင့် ၎င်းအစိုးရ၏ ကိုယ်စားလှယ်များအား ကုလသမဂ္ဂအဖွဲ့အစည်းတွင် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန်” ကို အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ယင်းသည်  ကုလသမဂ္ဂတွင် နိုင်ငံရေး၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းအရ ထိုင်ဝမ်အပါအဝင် တရုတ်နိုင်ငံတစ်နိုင်ငံလုံး၏ ကိုယ်စားပြုခွင့်ကိစ္စရပ်ကို အလုံးစုံ ဖြေရှင်းပေးခဲ့သလို ကုလသမဂ္ဂတွင် တရုတ်နိုင်ငံအတွက် နေရာတစ်ခုတည်းသာရှိပြီး “တရုတ်နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ” ဟူ၍ မရှိကြောင်း အတိအလင်း ဖော်ပြထားသည်ဟု မော်နင်က ပြောကြားခဲ့သည်။

မော်နင်က “ထိုင်ဝမ်က ဘယ်သောအခါကမျှ နိုင်ငံတစ်နိုင်ငံမဟုတ်ခဲ့သလို နောင်လည်း လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူး။ လိုက်ချင်းသဲ အာဏာပိုင်အဖွဲ့က ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို ထင်သလိုပုံဖျက်နေတာဟာ ၎င်းရဲ့ 'ထိုင်ဝမ်ခွဲထွက်ရေး' သဘောသဘာဝကို ထပ်မံဖော်ထုတ်လိုက်ခြင်းဖြစ်တယ်။ ၎င်းရဲ့ မှားယွင်းတဲ့ အယူအဆတွေက ရေလက်ကြားနှစ်ဖက်ဒေသဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာ ဖြစ်တယ်ဆိုတဲ့ သမိုင်းနဲ့ ဥပဒေဆိုင်ရာ အမှန်တရားတွေကို ပြောင်းလဲနိုင်မှာမဟုတ်သလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရုတ်တစ်နိုင်ငံတည်းကို လက်ကိုင်ထားတဲ့ ခိုင်မာတဲ့ အခင်းအကျင်းကို ယိမ်းယိုင်နိုင်မှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ 


(Ref - Xinhua)

#Myanmar #News

မူရင်းသတင်း — Myanmar National Post