Myanmar National Post

အစ္စရေး နဲ့ ဥရောပနိုင်ငံတွေကြားထဲမှာ သံတမန်ရေးရာ အက်ကြောင်းပေါ်သွားပြီ


စက်တင်ဘာ - ၉ ( ဗုဒ္ဓဟူးနေ့ ) 

အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်း ဒေသတွင်းရှိ အစ္စရေး အခြေချနေထိုင်ရာ နေရာတွေနဲ့ ကုန်သွယ်မှု ပြုလုပ်တာကို ကန့်သတ်ဖို့ နိုင်ငံ ၁၂ နိုင်ငံက ထောက်ခံခဲ့ပြီးနောက်မှာတော့ အစ္စရေးနဲ့ သူ့ရဲ့ အဓိက အနောက်အုပ်စု မဟာမိတ် အချို့ကြား စံချိန်တင် သံတမန်ရေးရာ အက်ကြောင်း ထင်သွားခဲ့ပါတယ်။ ဒါ့အပြင် လန်ဒန် (ဗြိတိန်) ကလည်း အဆိုပါ နယ်မြေအချို့မှာ အစ္စရေး အခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းသားတွေ ကို "လူမျိုးတုံး ရှင်းလင်းမှု" လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်နဲ့ ဆွီဒင် စတဲ့ နိုင်ငံ ၁၂ နိုင်ငံဟာ အင်္ဂါနေ့မှာ ပူးတွဲ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီမှာ "စံချိန်တင် မြင့်တက်လာတဲ့ အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ နယ်မြေ ချဲ့ထွင်မှုတွေ" ကို အကြောင်းပြပြီး အဆိုပါ အခြေချနေထိုင်ရာ ဒေသတွေက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် မဝယ်ဖို့ ၊ ကိုယ့်ဒေသထွက်ကုန်တွေကို လည်း မရောင်းချကြဖို့  နဲ့ အစ္စရေး အခြေချနေထိုင်သူတွေနဲ့ မဆက်ဆံဖို့ ကတိပြုခဲ့ကြပါတယ်။

 ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါနိုင်ငံတို့ကတော့ အမျိုးသားအဆင့် ကုန်သွယ်မှု ပိတ်ပင်ရေး ပေါ်လစီတွေကို အထူးတလည် ကတိပြု လုပ်ဆောင်ခဲ့ကြသလို အစ္စရေးအနေနဲ့ အခြေချနယ်မြေ ချဲ့ထွင်တာတွေကို "ချက်ချင်း ရပ်တန့်ဖို့"၊ အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှု ရှိစေဖို့နဲ့ အစ္စရေး တပ်ဖွဲ့တွေအပေါ် စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့လည်း အဆိုပါ အုပ်စုက တောင်းဆိုခဲ့ပါတယ်။

ဒီလို ပူးတွဲ လှုပ်ရှားလိုက်တာဟာ အစ္စရေးနဲ့ အနောက်နိုင်ငံ အစိုးရ အချို့ကြား ဆက်ဆံရေးကို ပိုမို ဆိုးရွား သွားစေခဲ့ပြီး ဗြိတိန်နဲ့ဆိုရင် တင်းမာမှုတွေ ပိုမို ပြင်းထန်လာခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အီတာမာ ဘင်-ဂဗီးရ် ကတော့ အစ္စရေးက လန်ဒန်အပေါ် လက်စားချေ အရေးယူမှု အစီအစဉ်တွေကိုလုပ်သွားမယ်လို့ ဆိုပါတယ်။  အစ္စရေး အစိုးရအနေနဲ့ ဖော့ကလန်ကျွန်းစုများ အပေါ် အာဂျင်တီးနားရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုဖို့နဲ့ ဗြိတိန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုထားခဲ့ပါတယ်။ 


REF: RT

#Myanmar #News

မူရင်းသတင်း — Myanmar National Post