








ပုသိမ်၊ စက်တင်ဘာလ ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၈ ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံတပ်နယ်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါတပ်နယ်အတွင်းရှိ တပ်မတော်သားများ နှင့် မိသားစုဝင်များအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း ပုသိမ်မြိုနယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တပ်နယ် အတွင်းရှိ တပ်မတော်သား များနှင့် မိသားစုဝင်များအား လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် တစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဝင်၌ ဧည့်ကြိုကောင်တာထားရှိဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလာရောက် ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေအတိုး/အလျော့လုပ်ငန်းစဉ်များ၊ အသက်(၁၈)နှစ် ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ နိုင်ငံသား ကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူ ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှု၊ နိုင်ငံသား ကတ်ပြားရရှိပြီးသူများအား UID ကောက်ယူဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ပြီးနောက် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
#Myanmar #News