
စက်တင်ဘာ - ၉ ( ဗုဒ္ဓဟူးနေ့ )
ဒီတစ်ပတ် နယူးဒေလီမှာ ကျင်းပမယ့် ဘရစ်ခ်စ် (BRICS)အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး မတိုင်မီမှာပဲ အဖွဲ့ဝင် နိုင်ငံတွေကြား ကုန်သွယ်ရေးကို ပိုမို သက်သာ မြန်ဆန်စေဖို့အတွက် မိမိတို့ရဲ့ အမျိုးသား မူပိုင်ငွေကြေးတွေနဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်တွေကို ပိုမို တိုးမြှင့် သုံးစွဲတာ အပါအဝင် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အဖွဲ့က ရှာဖွေ ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ငွေလွှဲပြောင်းစရိတ်တွေကို လျှော့ချဖို့နဲ့ အဖွဲ့အတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို တွန်းအားပေးဖို့ ရည်ရွယ်ပြီး ဒေသတွင်း မူပိုင်ငွေကြေးနဲ့ ငွေပေးချေမှုတွေ၊ ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေးတွေ (CBDCs) ပါဝင်တဲ့ ပလက်ဖောင်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အခု အကြံပြု တင်ပြထားတဲ့ နည်းလမ်းတွေဟာ လက်ရှိ ကမ္ဘာ့ ငွေပေးချေမှုနဲ့ လွှဲပြောင်းမှု စနစ်တွေကို အစားထိုးတာမျိုး မဟုတ်ဘဲ ဖြည့်စွက် ဆောင်ရွက်ပေးမှာ ဖြစ်သလို ဒီဆွေးနွေးပွဲတွေဟာ "မည်သည့် သီးခြားနိုင်ငံ သို့မဟုတ် နိုင်ငံအုပ်စုကိုမျှ ဦးတည် တိုက်ခိုက်တာ မဟုတ်ပါဘူး" လို့လည်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီနည်းလမ်းဟာ BRICS ဘုံငွေကြေး တစ်ခုတည်း သီးသန့် ဖန်တီးမယ့် အစား အခြား ရွေးချယ်စရာ နည်းလမ်းတစ်ခု ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေနဲ့ ဘဏ်တွေအနေနဲ့ အမျိုးသား မူပိုင်ငွေကြေးတွေနဲ့ မကွဲပြားတဲ့ ငွေပေးချေမှု ကွန်ရက်တွေကနေတစ်ဆင့် ကုန်သွယ်မှုတွေကို တိုက်ရိုက် ပိုမို ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာနဲ့ ကြားခံ ဘဏ်များစွာအပေါ် မှီခိုနေရမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး ပီယုရှ် ဂိုယယ်လ် ကတော့ နယူးဒေလီအနေနဲ့ BRICS ဘုံငွေကြေး စနစ်ထက်စာရင် အမျိုးသား မူပိုင်ငွေကြေးတွေနဲ့ ကုန်သွယ်မှု ပြုလုပ်တာကိုပဲ ပိုမို နှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယ ဗဟိုဘဏ်ကလည်း ဒီဆွေးနွေးမှုကို ရှေ့ဆက်သွားနိုင်အောင် တွန်းအားပေး လုပ်ဆောင်လျက် ရှိပါတယ်။ အိန္ဒိယ ဗဟိုဘဏ် (RBI) ဥက္ကဋ္ဌ စန်ဂျေး မာလ်ဟိုထရာ က BRICS အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ လျှင်မြန် ငွေပေးချေမှု စနစ်တွေအပြင် ဒစ်ဂျစ်တယ် ငွေကြေးတွေကိုပါ ချိတ်ဆက်ဖို့ စဉ်းစားနေကြတယ်လို့ လွန်ခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
REF: RT
#Myanmar #News