Eleven Media Group

■ မြန်မာထိုင်မသိမ်းဝတ်စုံကို ထိုင်းရုပ်သံဇာတ်လမ်းတွဲတွင် ထိုင်းရိုးရာပုံစံဝတ်ဆင်ထားမှု မြန်မာနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များက ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်နေ

မြန်မာထိုင်မသိမ်းဝတ်စုံကို ထိုင်းရုပ်သံဇာတ်လမ်းတွဲတွင် ထိုင်းရိုးရာပုံစံဝတ်ဆင်ထားမှု မြန်မာနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များက ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများတွင် နာမည်ကြီး လူကြိုက်များ အောင်မြင်ခဲ့သည့် Scarlet Heart ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံတွင် ပုံစံတစ်မျိုးဖြင့် ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ကာ နိုဝင်ဘာ ၄ ရက်တွင် စတင်ထုတ်လွှင့်ရန်စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ ဇာတ်လမ်းတွဲ၏ နောက်ဆုံးထွက် trailer နှင့် ပရိုမိုးရှင်းပုံများမှာ ကုန်းဘောင်ခေတ်နှောင်းပိုင်း ထိုင်မသိမ်းဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆီမီးခွက်အကဖြင့် ဖျော်ဖြေနေသည့် ဇာတ်ဝင်ခန်းများပါဝင်လာရာမှစတင်ကာ ကန့်ကွက်မှုများလည်း ရှိလာခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ ကန့်ကွက်ရာတွင် မြန်မာနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များဖြစ်သည့် စိုးပြည့်သဇင်၊ စံရတီမိုးမြင့်၊ ခင်ဝင့်ဝါ၊ မေမြင့်မိုရ်၊ အလှမယ် ကျော်ကျော်အိန္ဒြစရှိသူတို့အပြင် အဆိုတော်များဖြစ်သည့် အိုင်းရင်းဇင်မာမြင့်၊ မေလသံစဉ်၊ ခင်ပိုးပန်းချီ အစရှိသူတို့ကလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
ကန့်ကွက်သည့် လှုပ်ရှားမှုကို ပြုလုပ်သည့် မြန်မာသရုပ်ဆောင်နှင့် အဆိုတော်များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ထိုင်မသိမ်းဝတ်စုံဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို တင်ထားပြီး " မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်သည် မြန်မာလူမျိုးတို့၏ နှလုံးသားပင် ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားပေးကြပါ။ 🇲🇲GMMTV အနေဖြင့် တာဝန်ယူမှုရှိရန် တောင်းဆိုအပ်ပါသည်" ဆိုသည့် စာသားကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် " မြန်မာ့ယဉ်ကျေးမှုကို လေးစားပါ၊ ယဉ်ကျေးမှုအမွေအနှစ်အတွက် မူရင်းကိုဖော်ပြပါ" အစရှိသည့် စာသားများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြပြီး တောင်းဆိုလျက်ရှိသည်ကို တွေ့ရသည်။ယခုကဲ့သို့ ကန့်ကွက်မှုများရှိနေချိန်တွင် မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကကို ထိုင်းလူမျိိုးများ၏ယဉ်ကျေးမှုပုံစံအဖြစ် သုံးစွဲခြင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် NGOများနှင့်ပြည်သူတရပ်လုံးကန့်ကွက်ရန်လိုအပ်ကြောင်းလည်း ပြောဆိုမှုများရှိနေသည်။

ထို့ပြင် လူမှုကွန်ရက် သုံးစွဲသူအချို့က မြန်မာ့ရိုးရာဝတ်စုံနှင့် ဆီမီးခွက်အကအကြောင်းကို အထောက် အထားများဖြင့် ပြသပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝေဖန်နေခြင်းများလည်းရှိနေသည်။ထို့ပြင် ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာဒေသ ယဉ်ကျေးမှုဖြစ်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း ယင်းဒေသယဉ်ကျေးမှုနှင့် မတူညီကြောင်း ဓာတ်ပုံ အထောက်အထားများဖြင့်လည်း ပြန်လည်တုံ့ပြန်ဝေဖန်လျက်ရှိသည်။ယခုကဲ့သို့ ထိုင်းရုပ်သံဇာတ်လမ်းတွင် မြန်မာ့ရိုးရာ ဝတ်စုံနှင့် ဆီမီးခွက်အကကို ထိုင်းရိုးရာပုံစံထည့်သွင်းတင်ဆက်ထားမှုအပေါ် ထိုင်းနိုင်ငံသားအချို့ကလည်း ဝေဖန်လျက်ရှိသည်။

" လူမှုကွန်ရက်သုံးတဲ့သူတွေ တော်တော်များများက ဝေဖန်ကြတယ်။ တောင်းဆိုနေကြတာက ကိုယ့်မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို လေးစားပေးဖို့၊ မှန်မှန်ကန်ကန်နဲ့ အသိအမှတ်ပြုပေးဖို့နဲ့ အမှန်တရားအတိုင်း တင်ပြဖော်ပြပေးဖို့ပဲ ဖြစ်ပါတယ်။ တခြားဘာမှလည်း မတောင်းဆိုဘူး။ ဒါက ကိုယ့်နိုင်ငံ ရိုးရာအမွေအနှစ်ကို သူတို့ရဲ့ပုံစံမျိုး ယူသုံးထားလို့ ကန့်ကွက်ကြတာ" ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောကြားသည်။

ဝေဖန်မှုများ မြင့်တကလာချိန်တွင် Scarlet Heart Thailand ဇာတ်လမ်းတွဲမှာ မြန်မာ့ယဉ်ကျေးမှုများကို စိတ်ကူးဉာဏ်ရယူထားခြင်းဖြစ်သည်ဟု အဆိုပါ ရုပ်ရှင်ကို ထုတ်လုပ်သည့် ထိုင်းရုပ်သံကုမ္ပဏီ GMMTV က အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များမှာ ဇာတ်လမ်းတွဲအတွက် စိတ်ကူးဉာဏ်ရယူရာတွင် အရေးပါသော အရင်းအမြစ်များထဲမှ တစ်ခုဖြစ်ပြီး တန်ဖိုးထားလေးစားကြောင်း၊ ဇာတ်လမ်းတွဲတွင် ပါဝင်သော ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများမှာ ထိုင်းယဉ်ကျေးမှုတစ်ခုတည်းကိုသာ ကိုယ်စားပြုသည်ဟု ဖော်ပြရန် ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း GMMTV က ထုတ်ပြန်သည်။ထုတ်လုပ်ရေးအဖွဲ့အနေဖြင့် ဇာတ်လမ်းအကြောင်းအရာနှင့် ဇာတ်ကောင်များ၏ သဘောသဘာဝတို့နှင့် ကိုက်ညီစေရန် ဝတ်စုံဒီဇိုင်း၊ အနုပညာလက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို သုတေသနပြုလေ့လာကာ ဖန်တီးတင်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။

ဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို တင်ဆက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ရိုးသားစွာ တောင်းပန်အပ်ကြောင်း၊ စိုးရိမ်ပူပန်မှုများကို အလေးအနက်လက်ခံပြီး ယဉ်ကျေးမှုတစ်ခုချင်းအား သင့်လျော်စွာ ကိုယ်စားပြုဖော်ပြရန်နှင့် လေးစားမှုရှိပြီး အလေးထားဖော်ပြရန် ဆောင်ရွက်လျက်ရှိသည်ဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။ဇာတ်လမ်းတွဲဖန်တီးရာတွင် လန်နာ (Lanna)၊ တိုင် (Tai) လူမျိုးစု၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များမှ စိတ်ကူးဉာဏ်များကို ရယူထားပြီး ဇာတ်လမ်း၏ စိတ်ကူးယဉ်ကမ္ဘာနှင့် ကိုက်ညီစေရန် ဖန်တီးမှုပုံစံဖြင့် ပြန်လည်ပေါင်းစပ်တင်ဆက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲတွင် ထိုင်းနာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် အမျိုးသမီးသရုပ်ဆောင် Tu Tontawan အပါအဝင် Win Metawin၊ Nanon Korapat၊ Phuwin Tangsakyuen နှင့် Perth Tanapon အစရှိသူတို့ ပါဝင်သရုပ်ဆောင်ထားသည်။

မူရင်းသတင်း — Eleven Media Group