









ရန်ကုန်၊ စက်တင်ဘာ ၉
(၈၇) ကြိမ်မြောက် ဆရာတော်အသျှင်ဦးဥတ္တမနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားသို့ ဆရာတော်သံဃာတော်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ရခိုင်စည်တော်မင်္ဂလာတီးခတ်၍ ဆရာတော်အသျှင်ဦးဥတ္တမ ထေရုပ္ပတ္တိ ရတုဖတ်ကြားခြင်းဖြင့် စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း က အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ တို့က ဝါဆိုသင်္ကန်းနှင့် နဝက္ကမဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှဝေကြသည်။
ထို့နောက် လှူဒါန်းမှုပြုကြသော အလှူရှင်များအား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း မှ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အောင်မြင်စွာ ရုပ်သိမ်းသည်။
ဆက်လက်ပြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ တို့က ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ရခိုင်ရိုးရာအစားအစာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံကြသည်။
#News #Myanmar