Myanmar National Post

ပဲခူးတိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ









ပဲခူး၊ စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးဆက်သစ်လူငယ်များအကြား ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားလာစေရေးအတွက် ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲမှ တိုင်းဒေသကြီးကိုယ်စားပြု အကောင်းဆုံး အနုသုခုမပညာရှင်များကို စနစ်တကျ စိစစ်ရွေးချယ်သွားမည်ဖြစ်၍ ပြိုင်ပွဲဝင်များအနေဖြင့် အကောင်းဆုံး ကြိုးစားအားထုတ် ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် သီဆိုဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဒိုင်အဖွဲ့များ၊ နည်းပြအဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ကို စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီနှင့် နတ်တလင်း စသည့် ခရိုင် (၆) ခရိုင်မှ ပြိုင်ပွဲဝင် ဦးရေ (၂၅၀) ပါဝင်ကာ သက်ဆိုင်ရာ အဆင့်အလိုက်၊ ဘာသာရပ်အလိုက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

#News #Myanmar

မူရင်းသတင်း — Myanmar National Post