Eleven Media Group

■ ကမ္ဘာ့လုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအမံအဆိုပြုချက်အစီအစဉ် တစ်နှစ်ပြည့် နှစ်ပတ်လည်နှင့် ကမ္ဘာ့တောင်ခြမ်း၏ အသံ၊ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းနှင့် ဘုံအနာဂတ်

■ နိဒါန်း

ယနေ့ကမ္ဘာကြီးသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိကာ ပိုမိုနီးကပ်လာသကဲ့သို့ တချိန်တည်းမှာပင် ပိုမိုဝေးကွာလာသော ကမ္ဘာကြီးလည်း ဖြစ်လာနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် အခြားနိုင်ငံများ၏ ဈေးကွက်များကို ထိခိုက်နိုင်သည်။ နယ်စပ်တစ်ဖက်ရှိ စစ်ပွဲ၏ လှိုင်းလုံးများသည် အခြားတစ်ဖက်ရှိ အစားအစာဈေးနှုန်း၊ စွမ်းအင်ရရှိမှုနှင့် လူငယ်တို့၏ အလုပ်အကိုင်အခွင့်အလမ်းများအထိ ရောက်ရှိလာနိုင်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးခြင်း၊ မုန်တိုင်းနှင့် မိုးခေါင်ခြင်းတို့သည် နိုင်ငံရေးနယ်နိမိတ်များကို မေးမြန်းမနေဘဲ လူသားအားလုံး၏ ဘုံစံအိမ်ကြီးကို ထိခိုက်စေသည်။ ထိုသို့ အပြန်အလှန်ချိတ်ဆက်နေသော ခေတ်တွင် ပြဿနာများကို တစ်နိုင်ငံတည်း၏ အင်အားဖြင့် ဖြေရှင်းနိုင်ရန်မှာ ပိုမိုခက်ခဲလာပါသည်။

ဤအခြေအနေအတွင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ တရုတ်နိုင်ငံ၊ တိယံကျင်းမြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အပေါင်း အစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့လုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအမံအဆိုပြုချက်အစီအစဉ် (Global Governance Initiative-GGI) ကို အဆိုပြုခဲ့ပါသည်။ ဤအစီအစဉ်သည် သီးခြားစာချုပ်တစ်ရပ် သို့မဟုတ် အဖွဲ့အစည်းသစ်တစ်ခု မဟုတ်ဘဲ ကမ္ဘာ့စည်းမျဉ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားပြုမှု၊ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော်ပြဿနာများအပေါ် စုပေါင်းတုံ့ပြန်မှုတို့ကို ပြန်လည်စဉ်းစားရန် တင်ပြထားသည့် မူဝါဒနှင့် သံတမန်ရေးရာ မူဘောင်တစ်ရပ်အဖြစ် နားလည်နိုင်သည်။

GGI ၏ ပထမနှစ်ပြည့်ကာလသည် အဆိုပြုချက်တစ်ခု ပေါ်ပေါက်လာခြင်းကိုသာ မှတ်တမ်းတင်သည့် အချိန် မဟုတ်ပါ။ ကမ္ဘာ့လုံးဆိုင်ရာ စီမံအုပ်ချုပ်မှုဟူသော စကားလုံးများသည် အစည်းအဝေးခန်းမများတွင်သာ မကျန်ရစ်ဘဲ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝသို့ မည်သို့ ရောက်ရှိလာမည်ကို စမ်းသပ်ရမည့် အစပြုချိန်တစ်ခုလည်း ဖြစ်သည်။ ကျောင်းသားတစ်ဦး စာသင်ခန်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း၊ ငလျင်လှုပ်ပြီးနောက် ဆေးရုံတစ်ရုံ ဆက်လက်လည်ပတ်နိုင်ခြင်း၊ တောင်သူတစ်ဦး၏ ကောက်ပဲသီးနှံများ ဈေးကွက်သို့ ရောက်ရှိနိုင်ခြင်းစသည့်အချက်များသည်သာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး၏ အဓိပ္ပာယ်ကို အမှန်တကယ် ထင်ရှားလာစေမည်ဖြစ်သည်။

■ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး၏ လက်ရှိစိန်ခေါ်မှုများ

ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးသည် အဖွဲ့အစည်းဆိုင်ရာ ဝေါဟာရတစ်ခုသာ မဟုတ်ပေ။ နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေးရန်ပုံငွေ ရရှိနိုင်ခြင်း၊ ကုန်သွယ်ရေးစည်းမျဉ်းများ ခန့်မှန်းနိုင်ခြင်း၊ နည်းပညာတိုးတက်မှု၏ အကျိုးကျေးဇူးများကို လူထုအများ ခံစားနိုင်ခြင်းနှင့် ပဋိပက္ခ၊ ကပ်ရောဂါ၊ ရာသီဥတုဘေးအန္တရာယ်နှင့် စားနပ်ရိက္ခာ မလုံလောက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများက တုံ့ပြန်နိုင်ခြင်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ထို့ကြောင့် ကမ္ဘာ့အုပ်ချုပ်ရေး၏ အားနည်းချက်များသည် အစည်းအဝေးမှတ်တမ်းများထဲတွင်သာ မဟုတ်ဘဲ လူသားတို့၏ ဝမ်းစာ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အနာဂတ်မျှော်လင့်ချက်များထဲတွင် တွေ့မြင်ရသည်။

ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဆိုင်ရာ ဆန်းစစ်ချက်အရ လက်ရှိတွင် ရရှိထားသည့် အချက်အလက်များအရ ပန်းတိုင် ၁၃၉ ခုအနက် ၃၆ ရာခိုင်နှုန်းသာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေခြင်း သို့မဟုတ် အသင့်အတင့် တိုးတက်နေခြင်းဖြစ်ပြီး ၄၉ ရာခိုင်နှုန်းမှာ တိုးတက်မှုနှေးကွေးနေကာ ၁၅ ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်အခြေခံအဆင့်အောက်သို့ပင် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် SDGs များအတွက် နှစ်စဉ်လိုအပ်သော ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၄ ထရီလီယံခန့် ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် တရားဝင်ဖွံ့ဖြိုးရေးအကူအညီများမှာ ၂၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုသည်။

ဤကိန်းဂဏန်းများသည် ဘဏ္ဍာရေးပညာရှင်များအတွက်သာ မဟုတ်ဘဲ ကျောင်းသား၊ ဆေးဝန်ထမ်း၊ တောင်သူနှင့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းရှင်တို့အတွက်ပါ အဓိပ္ပာယ်ရှိသည်။ ရန်ပုံငွေမလုံလောက်လျှင် ကျောင်းဆောက်လုပ်ရေး နှောင့်နှေးနိုင်သည်။ ရာသီဥတုခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးနည်းပညာ မရရှိလျှင် တောင်သူ၏ ဝင်ငွေကျဆင်းနိုင်သည်။ ကျန်းမာရေးဝန်ဆောင်မှု မတည်ငြိမ်လျှင် အကျပ်အတည်းသည် နောင်အနာဂတ်မျိုးဆက်များစွာအထိ ရိုက်ခတ်နိုင်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး၏ ပထမဆုံးတာဝန်မှာ ရည်မှန်းချက် ကြီးမားသော ကြွေးကြော်သံများ ထုတ်ပြန်ခြင်းမဟုတ်ဘဲ ရှားပါးသော အရင်းအမြစ်များကို တရားမျှတစွာ ခွဲဝေပေးနိုင်သော စနစ်တစ်ခု ဖန်တီးခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကွာဟချက်သည်လည်း အလားတူ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ၏ အချက်အလက်များအရ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကျော် အင်တာနက်အသုံးပြုနိုင်လာသော်လည်း လူဦးရေ ၂ ဒသမ ၂ ဘီလီယံခန့်မှာ အော့ဖ်လိုင်းအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး အများစုမှာ ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံများမှဖြစ်သည်။ အင်တာနက်ရှိခြင်းနှင့် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသော အင်တာနက်ရရှိခြင်းတို့သည် မတူညီကြပေ။ ဤကွာဟချက်ကို မဖြေရှင်းနိုင်ပါက လက်ရှိဒစ်ဂျစ်တယ်ကွာဟချက်သည် ဉာဏ်ရည်တုကွာဟချက်အဖြစ် ပိုမိုကျယ်ပြန့်လာနိုင်သည်။

■ GGI ၏ အခြေခံမူငါးရပ်

GGI သည် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် အစီအမံအစီအစဉ် (GDI)၊ ကမ္ဘာ့လုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် အစီအမံအစီအစဉ် (GSI) နှင့် ကမ္ဘာ့လုံးဆိုင်စာ လူမှုယဉ်ကျေးမှုအဆိုပြုချက် အစီအမံအစီအစဉ် (GCI) တို့နောက်တွင် ပေါ်ပေါက်လာသည့် စတုတ္ထမြောက် အဓိကကမ္ဘာ့အစီအစဉ်အဖြစ် တွေ့မြင်နိုင်ပါသည်။ ၎င်း၏ အဓိကမူဝါဒများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမအခြေခံမူမှာ အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိရေး ဖြစ်သည်။ နိုင်ငံများ၏ အရွယ်အစား၊ ကြွယ်ဝမှု သို့မဟုတ် အင်အားမည်သို့ပင်ကွာခြားစေကာမူ နိုင်ငံတကာစနစ်တွင် တန်းတူပါဝင်သူများ ဖြစ်သင့်သည်ဟု ဆိုလိုသည်။ မြန်မာနိုင်ငံအတွက်မူ ၎င်းသည် အလယ်အလတ်စား နိုင်ငံ၊ နိုင်ငံငယ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံ၊ အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားပိုင်ဆိုင်မှုကို အလေးထားရမည်ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။

ဒုတိယမှာ နိုင်ငံတကာဥပဒေစိုးမိုးရေး ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေများကို လိုက်နာခြင်းအားဖြင့် အကူအညီပေးရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရှင်းလင်းသော စည်းမျဉ်းများနှင့် တာဝန်ယူမှုစံနှုန်းများ ရှိလာနိုင်သည်။

တတိယမှာ စစ်မှန်သော နိုင်ငံစုံဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဝါဒ ဖြစ်သည်။ ကမ္ဘာ့ပြဿနာများကို တစ်ဖက်သတ်ဆုံးဖြတ်ခြင်း သို့မဟုတ် အုပ်စုများကသာ ဆုံးဖြတ်ခြင်းမပြုဘဲ ကျယ်ပြန့်သော ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရမည်ဟု အလေးထားသည်။ မြန်မာနိုင်ငံအတွက် ၎င်းသည် ကမ္ဘ့ာကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အားသာချက်များကို ဖြည့်ဆည်း အသုံးချနိုင်ရန် အခွင့်အလမ်း ဖြစ်သည်။

စတုတ္ထမှာ လူကိုဗဟိုပြုသော ချဉ်းကပ်မှု ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေး၏ အဆုံးစွန်ရည်ရွယ်ချက်မှာ လူတို့၏ သုခချမ်းသာ၊ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အလမ်းများကို တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အောင်မြင်မှုကို လူနေမှုအဆင့်အတန်းမြင့်မားခြင်း၊ ဆင်းရဲမွဲတေမှု လျော့နည်း ပပျောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်ရေးကဏ္ဍများအပေါ် အမှန်တကယ် သက်ရောက်မှုတို့ဖြင့် တိုင်းတာသင့်သည်။

နောက်ဆုံးမှာ လက်တွေ့ကျသော ဆောင်ရွက်ချက်များ ဖြစ်သည်။ မူဝါဒများကို ကြေညာချက်များအဖြစ်သာ မထားဘဲ ရန်ပုံငွေ၊ အချိန်ဇယား၊ အကောင်အထည်ဖော်မှုအစီအစဉ်နှင့် တိုင်းတာနိုင်သော ရလဒ်များအဖြစ် ပြောင်းလဲရမည် ဖြစ်ပါသည်။ နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းများတွင် ပွင့်လင်းသော ဘတ်ဂျက်၊ ဒေသတွင်းပါဝင်မှုနှင့် လွတ်လပ်သော စောင့်ကြည့်အကဲဖြတ်မှုတို့ ပါဝင်သင့်သည်။

ဤမူငါးရပ်သည် သီးခြားစီ ရပ်တည်နေခြင်းမဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးနေသည်။ ကိုယ်စားပြုမှုက တရားဝင်မှုကို ပေးသည်။ ဥပဒေစိုးမိုးရေးက ခန့်မှန်းနိုင်မှုနှင့် ကာကွယ်မှုကို ပေးသည်။ ဘက်စုံပုးပေါင်း ဆောင်ရွက်ရေးမူဝါဒက ဆုံးဖြတ်ချက်များအပေါ် ယုံကြည်မှုကို တည်ဆောက်သည်။ လူကို ဗဟိုပြုမှုက အုပ်ချုပ်ရေး၏ ရည်ရွယ်ချက်ကို ရှင်းလင်းစေသည်။ လက်တွေ့ဆောင်ရွက်ချက်ကတော့ ထိုမူများအားလုံးကို မြင်သာသည့် ရလဒ်များအဖြစ် ပြောင်းလဲပေးသည်။

ဤမူငါးရပ်၏ ထူးခြားချက်မှာ “မည်သူ့အသံ ပါဝင်သနည်း”၊ “မည်သို့ ဆုံးဖြတ်သနည်း”၊ “မည်သူ့အတွက် လုပ်ဆောင်သနည်း” နှင့် “ရလဒ်ရှိမရှိ မည်သို့သိနိုင်သနည်း” ဟူသည့် မေးခွန်းများကို တစ်ခုတည်းသော မူဘောင်အတွင်း ချိတ်ဆက်ပေးထားခြင်းဖြစ်သည်။ ကိုယ်စားပြုမှုမရှိသော စနစ်သည် တရားဝင်မှုအားနည်းနိုင်သည်။ ဥပဒေမရှိသော ပူးပေါင်းဆောင်ရွက်မှုသည် ခန့်မှန်း၍မရနိုင်ပေ။ လူထုအကျိုးမပါသော ဖွံ့ဖြိုးရေးသည် အဆောက်အအုံများသာ ကျန်ရှိစေပြီး လူသားအရင်းအမြစ်ကို မတိုးတက်စေနိုင်ပေ။ ထို့အပြင် လက်တွေ့ရလဒ်မရှိသော ကတိကဝတ်သည် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်မည်မဟုတ်ပေ။

သို့ရာတွင် ဤမူဝါဒများကို စာသားအဖြစ် လက်ခံထားရုံနှင့် မလုံလောက်ပါ။ အချုပ်အခြာအာဏာသည် အရပ်သားများ၏ လုံခြုံရေးနှင့် တာဝန်ယူမှုကို ဖယ်ရှားရန် အကြောင်းပြချက် မဖြစ်သင့်သကဲ့သို့ ဘက်စုံဝါဒသည် ဆွေးနွေးမှုကို အဆုံးမရှိ ဆွဲဆန့်ရန်လည်း မဖြစ်သင့်ပေ။ လူကိုဗဟိုပြုမှုသည် သာမန်စကားလုံးမဟုတ်ဘဲ အကူအညီရောက်ရှိမှု၊ ဆေးဝါးရရှိမှု၊ သင်ယူခွင့်နှင့် ဝင်ငွေအခွင့်အလမ်းတို့တွင် ပြသရမည်။ ထိုသို့ မူဝါဒနှင့် အကောင်အထည်ဖော်မှုအကြား တံတားတည်ဆောက်နိုင်မှသာ GGI ၏ တန်ဖိုးသည် တည်မြဲမည်ဖြစ်သည်။

■ အဆိုပြုချက်မှ အဖွဲ့အစည်းဆိုင်ရာကွန်ရက်သို့

GGI ၏ ပထမနှစ်အတွင်း အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်မှာ ကုလသမဂ္ဂဌာနချုပ်၌ ကမ္ဘာ့လုံးဆိုင်ရာ စီမံအုပ်ချုပ်မှု မိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့၌ ကျင်းပခဲ့သည့် အဖွင့်အစည်းအဝေးတွင် ထိုအဖွဲ့ကို ကမ္ဘာ့အုပ်ချုပ်ရေးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အမြင်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန်လထုတ် တရုတ်အစိုးရ၏ စက္ကဖြူတမ်းတွင် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်း ၁၆၀ နီးပါးက ထောက်ခံခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်က မိတ်ဆွေများအဖွဲ့တွင် ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယုံကြည်ထိုက်သော အဖွဲ့အစည်းတစ်ခုသည် မိမိ၏ အောင်မြင်မှုများကိုသာ မဖော်ပြဘဲ ပါဝင်သူများ၊ ရန်ပုံငွေများ၊ မအောင်မြင်သေးသည့် ကဏ္ဍများနှင့် ပြင်ဆင်ရမည့် အချက်များကိုပါ ရှင်းလင်းစွာ ပြသနိုင်ရမည် ဖြစ်ပါသည်။

မိတ်ဆွေများအဖွဲ့ကဲ့သို့ ဆက်တိုက်ဆွေးနွေးနိုင်သော ယန္တရားတစ်ခုရှိခြင်းသည် အရေးပါသည်။ နိုင်ငံများသည် အတွေ့အကြုံများ နှိုင်းယှဉ်နိုင်ရန်၊ ဘုံအကျိုးစီးပွားများ ဖော်ထုတ်နိုင်ရန်၊ ရပ်တည်ချက်များ ညှိနှိုင်းနိုင်ရန်နှင့် အကောင်အထည်ဖော်နိုင်သော အဆိုပြုချက်များ ဖော်ဆောင်နိုင်ရန် အချိန်နှင့် နေရာလိုအပ်သည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်သည် ငွေကြေး၊ နည်းပညာ၊ ရာသီဥတု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတစ်ခုချင်းစီတွင် ကွဲပြားနေသောကြောင့် တစ်ကြိမ်တည်း အစည်းအဝေးထက် ဆက်လက်ညှိနှိုင်းမှုက ပိုမိုအသုံးဝင်ပါသည်။

■ ကုလသမဂ္ဂဗဟိုပြုစနစ်နှင့် ဖြည့်ဆည်းပေးသည့် ဆက်ဆံရေး

GGI ၏ အရေးပါသည့် ဖော်ပြချက်တစ်ရပ်မှာ ကုလသမဂ္ဂ၏ နေရာတွင် အစားထိုးရန် အပြိုင်ကမ္ဘာ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မည်မဟုတ်ဘဲ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်ကို ပိုမိုကိုယ်စားပြု၍ ပိုမိုထိရောက်လာစေရန် ဖြည့်ဆည်းပေးမည်ဟူသော အချက်ဖြစ်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းသည် နိုင်ငံတကာငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာ တန်းတူညီမျှရေး၊ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတို့၏ အခြေခံမူများကို သတ်မှတ်ပေးထားသည်။

ဤလိုက်ဖက်ညီမှုသည် အပြုသဘောဆောင်သည့် အခြေခံအုတ်မြစ် တစ်ခု ဖြစ်ပ်သည်။ အောင်မြင်သော ကမ္ဘာ့အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုသည် ရှိပြီးသားအဖွဲ့အစည်းများကို ဖျက်သိမ်းခြင်းထက် ကုလသမဂ္ဂအေဂျင်စီများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် အထူးပြုအဖွဲ့အစည်းများ၏ အားသာချက်များကို ချိတ်ဆက်အသုံးပြုနိုင်ရန် လိုအပ်သည်။ ကုလသမဂ္ဂက လူသားချင်း စာနာထောက်ထားမှုနှင့် နည်းပညာဆိုင်ရာ စွမ်းရည်များကို ပံ့ပိုးနိုင်သည်။ အိမ်နီးချင်းနိုင်ငံများက နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ဆက်ဆံမှုများကို ကူညီနိုင်သည်။

သို့ရာတွင် ဖြည့်ဆည်းပေးခြင်းနှင့် ထပ်မံအစားထိုးခြင်းတို့အကြား ခြားနားချက်ကို ရှင်းလင်းစွာ နားလည်ထားရပါမည်။ မည်သည့်အစီအစဉ်မဆို အဖွဲ့ဝင်များ၏ အမြင်ကွဲပြားမှုကို လေးစားခြင်း၊ ဘဏ္ဍာရေးနှင့် ဆုံးဖြတ်ချက်ချမှတ်မှုကို ပွင့်လင်းစွာ ပြသခြင်း၊ ဒေသတွင်း အခြေအနေများကို အလေးထားခြင်းနှင့် လွတ်လပ်သော အကဲဖြတ်မှုကို လက်ခံခြင်းတို့ ပြုလုပ်နိုင်မှသာ ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သည်။

■ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ

မြန်မာနိုင်ငံအတွက် GGI ၏ တစ်နှစ်ပြည့်သည် သံတမန်ရေးရာ မှတ်တိုင်တစ်ခုထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်။ နိုင်ငံသည် ပဋိပက္ခများနှင့် ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွါးသော ငလျင်၏ သက်ရောက်မှုများကို တစ်ပြိုင်နက် ရင်ဆိုင်နေရသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၂၅ ခုနှစ် ဇွန်လ အစီရင်ခံစာအရ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် သက်ရောက်ခဲ့ပြီး ၉ သန်းခန့် ပြင်းထန်စွာ ထိခိုက်ခဲ့ကာ တိုက်ရိုက်ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့်၊ GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှသည်ဟု ခန့်မှန်းထားသည်။ ဆင်းရဲမွဲတေမှုနှုန်းသည် ငလျင်မတိုင်မီ ၂၀၂၄ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထပ်မံမြင့်တက်နိုင်သည်ဟု ဖော်ပြထားသည်။

ထိုသို့သော အခြေအနေတွင် ပြန်လည်ထူထောင်ရေးသည် လမ်းနှင့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်းတစ်ခုတည်း မဟုတ်ပေ။ ကျောင်းသားများ၏ သင်ယူမှုကို ပြန်လည်တည်ဆောက်ရမည်။ ဆေးရုံများ၏ ဝန်ဆောင်မှုကို ပြန်လည်တည်ငြိမ်စေရမည်။ တောင်သူများ၏ ထုတ်လုပ်မှုနှင့် ဈေးကွက်ချိတ်ဆက်မှုကို ပြန်လည်ကောင်းမွန်စေရမည်။ မိသားစုများ၏ ဝမ်းစာရေးနှင့် ဝင်ငွေကို ပြန်လည်ထူထောင်ရမည်။ အရေးအကြီးဆုံးမှာ လူထု၏ ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရမည်။

GGI ၏ အပြုသဘောဆောင်သော တန်ဖိုးမှာ ရှိပြီးသားမူဘောင်များအကြား ညှိနှိုင်းမှုကို တိုးမြှင့်ပေးပြီး လက်တွေ့ကျသော ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။

■ မြန်မာနိုင်ငံအတွက် အခွင့်အလမ်း (၆) ရပ်

(က) အားလုံးပါဝင်သော ဘက်စုံပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံ၏ အနာဂတ်ကို အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များကသာ သတ်မှတ်၍ မရနိုင်ပေ။ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်များ၊ လူထုအသိုင်းအဝိုင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ အသံများကို ထည့်သွင်းရမည်။ ထိုသို့ ပါဝင်မှုသည် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အရည်အသွေးကိုလည်း တိုးတက်စေသည်။

(ခ) ငလျင်ဒဏ်ခံနိုင်သော ပြန်လည်ထူထောင်ရေး

ပြန်လည်တည်ဆောက်ရေး၏ ရည်ရွယ်ချက်မှာ ယခင်ရှိခဲ့သည့် အားနည်းချက်များကို ထပ်မံတည်ဆောက်ရန် မဟုတ်ဘဲ ပိုမိုလုံခြုံပြီး ပိုမိုခံနိုင်ရည်ရှိသည့် စနစ်များကို ဖန်တီးရန် ဖြစ်သည်။ ကျောင်း၊ ဆေးရုံ၊ အိမ်ရာ၊ ရေပေးဝေရေးစနစ်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်သည့် စံနှုန်းများကို အသုံးပြုရမည်။ ဝယ်ယူရေးလုပ်ငန်းစဉ်များကို ပွင့်လင်းစွာ ထုတ်ပြန်ရမည်။ ဒေသခံလုပ်သားများနှင့် လုပ်ငန်းများကို ကျွမ်းကျင်မှုလွှဲပြောင်းပေးပြီး ပါဝင်စေရမည်။

ထိုစီမံကိန်းများကို ပဋိပက္ခများကြောင့် အထိခိုက်မရှိစေရေးကို ဦးစားပေးရမည်။ အကူအညီများသည် လူမျိုး၊ ဘာသာ၊ နေရာဒေသ သို့မဟုတ် နိုင်ငံရေးအမြင်အပေါ် မူတည်၍ မခွဲခြားဘဲ ထိခိုက်လွယ်သူများထံ ရောက်ရှိရမည်။ လူထု၏ တိုင်ကြားချက်များကို နားထောင်နိုင်သည့် လမ်းကြောင်းနှင့် လွတ်လပ်သော စောင့်ကြည့်မှု ရှိရမည်။

(ဂ) အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများနှင့် ဒေသတွင်းချိတ်ဆက်မှု

ဒေသတွင်းချိတ်ဆက်မှုဆိုသည်မှာ လမ်းနှင့် တံတားများ တည်ဆောက်ခြင်းထက် ပိုမိုကျယ်ပြန့်သည်။ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို အအေးခန်းသိုလှောင်နိုင်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဈေးကွက်ရရှိခြင်းနှင့် သင့်တော်သော အလုပ်အကိုင်များ တိုးပွားခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများ၊ တောင်သူများ၊ နယ်စပ်ဒေသရှိ လူထုအသိုင်းအဝိုင်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ငွေကြေး၊ စွမ်းအင်၊ ကျွမ်းကျင်မှုနှင့် ဈေးကွက်ရရှိရေးတို့ဖြင့် ပံ့ပိုးပေးနိုင်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် စီမံကိန်းသဘောတူညီချက်များ၏ အဓိကစည်းကမ်းချက်များ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများ၊ ကြွေးမြီဝန်ထုပ်ဝန်ပိုးနှင့် တိုင်ကြားစာလုပ်ငန်းစဉ်တို့ကို အများပြည်သူသို့ ထုတ်ပြန်ရမည်။ ပွင့်လင်းမြင်သာမှုသည် စီမံကိန်းကို နှောင့်နှေးစေသည့် အတားအဆီးမဟုတ်ဘဲ ရေရှည်ပြည်သူ့ထောက်ခံမှုကို တည်ဆောက်ပေးသည့် အခြေခံဖြစ်သည်။

(ဃ) ပညာရေး၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်

အကျပ်အတည်းများ၏ အထိခိုက်ဆုံး အကျိုးဆက်များထဲတွင် မျက်စိဖြင့် မမြင်ရသော်လည်း အနာဂတ်ကို အရှည်ကြာ ထိခိုက်စေသည့် သင်ယူမှု ဆုံးရှုံးခြင်းလည်း ပါဝင်သည်။ အကျပ်အတည်းကြားတွင် ကလေးငယ်များ ဆက်လက်သင်ယူနိုင်ရန် ယာယီစာသင်ခန်းများ၊ ဆရာဆရာမများအတွက် အကူအညီ၊ ဒစ်ဂျစ်တယ်သင်ကြားရေး၊ အရှိန်မြှင့်သင်ယူမှုနှင့် စိတ်လူမှုရေးရာ ပံ့ပိုးမှုတို့ လိုအပ်သည်။

ကျန်းမာရေးကဏ္ဍတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ မိခင်နှင့်ကလေးကျန်းမာရေး၊ ကာကွယ်ဆေးထိုးနှံမှု၊ ရောဂါစောင့်ကြည့်မှုနှင့် ဆေးဝါးထောက်ပံ့ရေးကွင်းဆက်တို့ကို အာရုံစိုက်ရမည်။ ဒေသတွင်းမိတ်ဖက်များက တယ်လီဆေးဝါး၊ အရေးပေါ်သယ်ယူပို့ဆောင်ရေး၊ ဓာတ်ခွဲခန်းစွမ်းဆောင်ရည်နှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းများကို ပံ့ပိုးပေးနိုင်သည်။ လူသားအရင်းအမြစ်ကို ကာကွယ်ခြင်းသည် ဖွံ့ဖြိုးရေး၏ နောက်ဆက်တွဲအပိုင်းမဟုတ်ဘဲ ဖွံ့ဖြိုးရေး၏ အဓိကအုတ်မြစ်ဖြစ်သည်။

(င) ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးနှင့် အားလုံးပါဝင်နိုင်သော AI

မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုကို နည်းပညာပြိုင်ပွဲအဖြစ် စတင်ရန်မလိုပေ။ လုံခြုံပြီး ဘာသာစကားမျိုးစုံ အသုံးပြုနိုင်သော အများပြည်သူသတင်းအချက်အလက်၊ ကျန်းမာရေးနှင့် ပညာရေးပလက်ဖောင်းများ၊ သဘာဝဘေးအန္တရာယ်မြေပုံများ၊ အီလက်ထရွန်နစ်အစိုးရဝန်ဆောင်မှုများနှင့် အသေးစား၊အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဈေးကွက်သို့ ရောက်ရှိစေရေးကိရိယာများကဲ့သို့ အခြေခံအများပြည်သူဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်ပစ္စည်းများဖြင့် စတင်နိုင်သည်။

AI စနစ်များကို လူထုဝန်ဆောင်မှုများတွင် အသုံးပြုမည်ဆိုပါက သုံးစွဲသူများ နားလည်နိုင်သည့် ရှင်းလင်းချက်၊ လူသားများ၏ ပြန်လည်သုံးသပ်မှု၊ ဒေတာလုံခြုံရေး၊ ကိုယ်ရေးကိုယ်တာကာကွယ်မှုနှင့် လွတ်လပ်သော ကြီးကြပ်မှုတို့ လိုအပ်သည်။ နည်းပညာ၏ အောင်မြင်မှုကို ပလက်ဖောင်းတစ်ခု ဖန်တီးနိုင်ခြင်းဖြင့် မတိုင်းတာဘဲ ကျေးလက်လူထု၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် ဝင်ငွေနည်းမိသားစုများက လုံခြုံစွာ အသုံးပြုနိုင်ခြင်းဖြင့် တိုင်းတာရမည်။

(စ) ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် တွေ့ဆုံဆွေးနွေးရေး

GGI သည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို တစ်ဦးတည်း ဖြေရှင်းပေးမည့် နည်းလမ်းမဟုတ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစားထိုး၍လည်း မရနိုင်ပေ။ သို့သော် အချုပ်အခြာအာဏာတန်းတူညီမျှရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးတို့က ပြင်ပမိတ်ဖက်များ၏ အခန်းကဏ္ဍသည် စေခိုင်းခြင်းထက် နားထောင်ခြင်း၊ ကူညီခြင်းနှင့် ပံ့ပိုးခြင်း ဖြစ်သင့်ကြောင်း ညွှန်ပြသည်။

ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်သည် အစည်းအဝေးတစ်ခု ကျင်းပနိုင်ခြင်းတင်မဟုတ်ဘဲ အကြမ်းဖက်မှုလျော့နည်းခြင်း၊ အရပ်သားများကာကွယ်ခံရခြင်း၊ လူသားချင်းစာနာမှုအကူအညီများ အဟန့်အတားမရှိ ရောက်ရှိခြင်းနှင့် ထိခိုက်ခံရသူများ၏ ဂုဏ်သိက္ခာ ထိန်းသိမ်းခံရခြင်းတို့ ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ၊ ကုလသမဂ္ဂနှင့် အခြားမိတ်ဖက်များသည် မတူညီသည့် နည်းလမ်းများဖြင့် ပါဝင်နိုင်ပြီး တွေ့ဆုံဆွေးနွေးရေးနှင့် လက်တွေ့အကူအညီများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

■ ဒုတိယနှစ်အတွက် လက်တွေ့ကျသော အစီအစဉ်

ပထမနှစ်သည် မူဘောင်နှင့် သံတမန်ရေးရာကွန်ရက်ကို တည်ဆောက်ပေးခဲ့ပြီဆိုလျှင် ဒုတိယနှစ်သည် လက်တွေ့ရလဒ်များကို ဖော်ပြရမည့်ကာလ ဖြစ်သည်။ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်မှုများကို အောက်ပါဦးစားပေးများအပေါ် အာရုံစိုက်နိုင်သည်။

ဒုတိယနှစ်အတွက် ပထမဦးစားပေးမှာ ငလျင်ဒဏ်ခံနိုင်သော ပြန်လည်ထူထောင်ရေး ဖြစ်သင့်သည်။ ကျောင်းများ၊ ဆေးရုံများ၊ အိမ်ရာများနှင့် ရေပေးဝေရေးစနစ်များကို ဘေးကင်းရေးစံနှုန်းများနှင့်အညီ ပြန်လည်တည်ဆောက်ရမည်။ ထိုစီမံကိန်းများ၏ အောင်မြင်မှုကို ပြန်လည်တည်ဆောက်ပြီးသော အဆောက်အအုံအရေအတွက်၊ အကျိုးခံစားရသည့် အိမ်ထောင်စုများနှင့် ဖန်တီးပေးနိုင်သည့် ဒေသခံအလုပ်အကိုင်များဖြင့် တိုင်းတာနိုင်သည်။

ဒုတိယဦးစားပေးမှာ လူသားချင်းစာနာမှုနှင့် လူမှုကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်းမှု ဖြစ်သည်။ အကူအညီပေးသည့် မိတ်ဖက်အဖွဲ့များအကြား အကူအညီလွှဲပြောင်းမှုနှင့် စောင့်ကြည့်မှုစနစ်များ တည်ဆောက်ရမည်။ အကူအညီရရှိသူအရေအတွက်၊ အကူအညီပို့ဆောင်ရန် ကြာမြင့်သည့်အချိန်၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် နေရပ်စွန့်ခွာမိသားစုများထံ ရောက်ရှိမှု၊ ဖြေရှင်းပြီးသည့် တိုင်ကြားချက်များကို အရေးပါသည့် ညွှန်းကိန်းများအဖြစ် အသုံးပြုနိုင်သည်။

တတိယဦးစားပေးမှာ ပညာရေး ဆက်လက်သင်ယူရေး ဖြစ်သည်။ ဒေသခံဆရာဆရာမများအား ပံ့ပိုးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေခြင်းနှင့် ဒစ်ဂျစ်တယ်သင်ကြားရေးကိရိယာများ ပံ့ပိုးခြင်းတို့ လိုအပ်သည်။ ကျောင်းပြန်တက်နိုင်သည့် ကလေးအရေအတွက်၊ သင်ယူမှုတိုးတက်မှု၊ လေ့ကျင့်ပေးနိုင်သည့် ဆရာဆရာမများနှင့် ကျား၊ မ၊ ဒေသအလိုက် ရောက်ရှိမှုတို့ကို စောင့်ကြည့်သင့်သည်။

စတုတ္ထဦးစားပေးမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ တောင်သူများ၏ ဝမ်းစာရေး ပြန်လည်ထူထောင်ရေး ဖြစ်သည်။ ချေးငွေ၊ ဈေးကွက်ရရှိမှု၊ စွမ်းအင်နှင့် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများကို ပြန်လည်လည်ပတ်စေနိုင်သည်။ ကူညီပေးနိုင်သည့် လုပ်ငန်းအရေအတွက်၊ ထိန်းသိမ်းထားနိုင်သည့် အလုပ်အကိုင်များ၊ အမျိုးသမီးဦးဆောင်သည့် လုပ်ငန်းများထံ ရောက်ရှိမှုနှင့် ဝင်ငွေပြန်လည်ကောင်းမွန်မှုတို့သည် အရေးပါသည့် ရလဒ်များ ဖြစ်လာမည်။

ပ ဉ္စမဦးစားပေးမှာ ဒစ်ဂျစ်တယ် အများပြည်သူဆိုင်ရာ ကုန်ပစ္စည်းများ ဖြစ်သည်။ ဘာသာစကားမျိုးစုံဖြင့် လုံခြုံသော သတင်းအချက်အလက်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးကိရိယာများကို ဖော်ဆောင်နိုင်သည်။ အသုံးပြုသူများထံ ရောက်ရှိမှု၊ ဝန်ဆောင်မှုရရှိနိုင်မှု၊ ကိုယ်ရေးကိုယ်တာကာကွယ်မှုကို လိုက်နာနိုင်မှု၊ စနစ်လည်ပတ်ချိန်နှင့် လွတ်လပ်သော စစ်ဆေးမှုရလဒ်များကို ထုတ်ပြန်သင့်သည်။

နောက်ဆုံးဦးစားပေးမှာ တွေ့ဆုံဆွေးနွေးရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှု ဖြစ်သည်။ အာဆီယံ၊ ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းသက်ဆိုင်သူများအကြား ပုံမှန်ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရမည်။ ထိုဆွေးနွေးပွဲများမှ ပြီးမြောက်သည့် ပူးတွဲဆောင်ရွက်ချက်များ၊ လူသားချင်းစာနာမှုအကူအညီ ရရှိမှုတိုးတက်လာခြင်းနှင့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို တိကျစွာ မှတ်တမ်းတင်နိုင်ရမည်။

ဤအစီအစဉ်များ၏ အုပ်ချုပ်ရေးပုံစံတွင် သက်ဆိုင်ရာ အမျိုးသားအဖွဲ့အစည်းများ၊ အာဆီယံကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ လူထုအခြေပြုအဖွဲ့များနှင့် လွတ်လပ်သောကျွမ်းကျင်သူများ ပါဝင်သင့်သည်။ အဖွဲ့အစည်းတစ်ခုတည်းက အားလုံးကို ချုပ်ကိုင်ရန်ထက် အခန်းကဏ္ဍများကို ရှင်းလင်းစွာ သတ်မှတ်ပြီး သတင်းအချက်အလက်များ မျှဝေကာ ရလဒ်များကို တာဝန်ယူနိုင်ရန် ပိုမိုအရေးကြီးသည်။

ဘဏ္ဍာရေးအရလည်း ထောက်ပံ့ကြေး၊ သက်သာသော ဖွံ့ဖြိုးရေးဘဏ္ဍာရေးနှင့် အစိုးရ-ပုဂ္ဂလိကမိတ်ဖက်ပြုမှုတို့ကို သင့်တော်သလို ပေါင်းစပ်ရမည်။ သို့သော် ပုဂ္ဂလိကမိတ်ဖက်ပြုမှုသည် အများပြည်သူကြီးကြပ်မှုကို မလျော့နည်းစေရန်၊ အန္တရာယ်နှင့် ကုန်ကျစရိတ်များကို လူထုထံ မတရားလွှဲပြောင်းမပေးရန် သေချာရမည်။ စီမံကိန်းတိုင်းတွင် ဘဏ္ဍာရေးပုံစံ၊ ကြွေးမြီသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးကာကွယ်မှု၊ ဝယ်ယူရေးနှင့် တိုင်ကြားစာလုပ်ငန်းစဉ်တို့ ပါဝင်ရမည်။

■ အောင်မြင်မှုကို မည်သို့တိုင်းတာမည်နည်း

GGI ၏ အောင်မြင်မှုကို ထောက်ခံသည့် နိုင်ငံအရေအတွက်ဖြင့်သာ မတိုင်းတာသင့်ပေ။ ပိုမိုနက်ရှိုင်းသည့် မေးခွန်းမှာ ထိုထောက်ခံမှုများသည် လူထုဘဝတွင် ဘာအဖြစ် ပြောင်းလဲလာသနည်းဟူသော အချက်ဖြစ်သည်။ ပါဝင်မှုသည် အမှန်တကယ် အားလုံးပါဝင်နိုင်သလား။ ဖွံ့ဖြိုးဆဲနိုင်ငံများက အစီအစဉ်ချမှတ်မှု၊ ရန်ပုံငွေခွဲဝေမှုနှင့် စံနှုန်းသတ်မှတ်မှုတို့တွင် အဓိပ္ပာယ်ရှိသော အခန်းကဏ္ဍ ရရှိကြသလား။ ကြေညာချက်များသည် စီမံကိန်းများ ဖြစ်လာသလား။ စီမံကိန်းများသည် ဘတ်ဂျက်၊ အချိန်ဇယားနှင့် လွတ်လပ်စွာ စစ်ဆေးနိုင်သည့် ရလဒ်များ ရှိသလား။

ထို့အပြင် ရလဒ်များကို ကျား၊ မ၊ အသက်၊ တည်နေရာ၊ မသန်စွမ်းမှုအခြေအနေ၊ နေရပ်စွန့်ခွာမှုနှင့် လူမှုစီးပွားအုပ်စုများအလိုက် ခွဲခြားဖော်ပြသင့်သည်။ ပျမ်းမျှကိန်းဂဏန်းတစ်ခုသည် ကျေးလက်အမျိုးသမီးတစ်ဦး၏ အခက်အခဲကို ဖုံးကွယ်ထားနိုင်သကဲ့သို့ နေရပ်စွန့်ခွာမိသားစုများ၏ အမှန်တကယ်အခြေအနေကိုလည်း မပြနိုင်ပေ။ လူကိုဗဟိုပြုသော အုပ်ချုပ်ရေးသည် “လူအများအတွက်” ဟူသော စကားကို “ဘယ်လူများအတွက်၊ ဘယ်လိုအကျိုးခံစားရသနည်း” ဟူသော မေးခွန်းများဖြင့် ဆက်လက်စစ်ဆေးရမည်။

အပြုသဘောဆောင်သော ရှုထောင့်ဆိုသည်မှာ ဝေဖန်မှုမရှိဘဲ ထောက်ခံခြင်းမဟုတ်ပါ။ ပွင့်လင်းမြင်သာသော စံနှုန်းများ၊ ဒေသတွင်းပိုင်ဆိုင်မှုနှင့် လွတ်လပ်သော အကဲဖြတ်မှုတို့သည် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စေနိုင်သည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ အမှားများကို ဖုံးကွယ်ထားသော အဖွဲ့အစည်းထက် အမှားများကို သိရှိပြီး ပြင်ဆင်နိုင်သော အဖွဲ့အစည်းက ပိုမိုရေရှည်တည်တံ့သည်။

■ နိဂုံး -နှစ်ပတ်လည်မှတ်တိုင်မှ ဘုံတိုးတက်မှုဆီသို့

ကမ္ဘာ့လုံဆိုင်ရာ စီမံအုပ်ချုပ်ရေး အဆိုပြုချက်အစီအစဉ်၏ ပထမနှစ်သည် နိုင်ငံတကာစနစ်အတွင်း တရားမျှတမှု၊ ကိုယ်စားပြုမှု၊ ဘက်စုံတိုင်ပင်ဆွေးနွေးရေး၊ လူသားသုခချမ်းသာနှင့် လက်တွေ့အကောင်အထည်ဖော်မှုတို့ကို ပိုမိုထင်ရှားစွာ ဆွေးနွေးရန် နေရာတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုမူဝါဒများသည် ကမ္ဘာတစ်ဝန်း မျှဝေထားသည့် မျှော်လင့်ချက်များဖြစ်သော်လည်း ၎င်းတို့၏ တန်ဖိုးကို စာရွက်ပေါ်မှ မဟုတ်ဘဲ လူထုဘဝ၏ အပြောင်းအလဲများက ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် GGI သည် အကျပ်အတည်းနှင့် လူသားချင်းစာနာမှုလိုအပ်ချက်များကို အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းပေးမည့် အံ့ဖွယ်နည်းလမ်းမဟုတ်ပေ။ သို့သော် အမျိုးသားပြန်လည်ထူထောင်ရေးကို ဒေသတွင်းနှင့် ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုများနှင့် ချိတ်ဆက်ပေးနိုင်သည့် ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် ဖြစ်နိုင်သည်။ဒေသတွင်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကုလသမဂ္ဂ၏ တရားဝင်မှုနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်၊ အိမ်နီးချင်းများ၏ ပူးပေါင်းမှု၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ဘဏ္ဍာရေးနှင့် မြန်မာ့လူထု၏ ဒေသခံအသိပညာတို့ကို ပေါင်းစပ်နိုင်ပါက ထိခိုက်လွယ်မှုအတွင်းမှ ခံနိုင်ရည်ရှိသော အနာဂတ်တစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ကမ္ဘာ့လုံးဆိုင်ရာ စီမံ အုပ်ချုပ်ရေးအဆိုပြုချက်အစီအစဉ်သည် ပြည်သူများ၏ ဘဝတွင် အဓိပ္ပာယ်ရှိလာသည့်အခါမှသာ အုပ်ချုပ်ရေးဟု ခေါ်ဆိုထိုက်မည်ဖြစ်သည်။ ကလေးတစ်ဦး စာဆက်လက်သင်ယူနိုင်သည့်အခါ၊ ဆေးရုံတစ်ရုံ ဆက်လက်ဖွင့်လှစ်နိုင်သည့်အခါ၊ တောင်သူတစ်ဦး ဈေးကွက်သို့ ရောက်ရှိနိုင်သည့်အခါ၊ အသေးစားလုပ်ငန်းတစ်ခု လျှပ်စစ်နှင့် ငွေကြေးရရှိနိုင်သည့်အခါ၊ နေရပ်စွန့်ခွာမိသားစုတစ်စု အကူအညီကို ဘေးကင်းစွာ ရရှိနိုင်သည့်အခါ—ထိုအခါတွင်သာ နိုင်ငံတကာ မူဝါဒများသည် လူသားတို့၏ နေ့စဉ်ဘဝနှင့် ဆုံတွေ့လာမည်ဖြစ်သည်။

ထို့ကြောင့် GGI ၏ ဒုတိယနှစ်နှင့် နောင်နှစ်များအတွက် အဓိကတာဝန်မှာ ထောက်ခံချက်များကို ပိုမိုစုဆောင်းခြင်းထက် ယုံကြည်မှုကို ပိုမိုတည်ဆောက်ခြင်း ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားလုံးပါဝင်စေရမည်။ ဘဏ္ဍာရေးကို ပိုမိုပွင့်လင်းစေရမည်။ နည်းပညာကို ပိုမိုကျင့်ဝတ်နှင့်ညီစေရမည်။ ပြန်လည်တည်ဆောက်ရေးကို ပိုမိုကြံ့ကြံ့ခံနိုင်စေရမည်။ ဖွံ့ဖြိုးတိုးတက်မှုကို လူ့ဂုဏ်သိက္ခာနှင့် ပိုမိုရှင်းလင်းစွာ ချိတ်ဆက်ရမည်။ ထိုသို့ လုပ်ဆောင်နိုင်ပါက ပထမနှစ်ပြည့်သည် အစီအစဉ်တစ်ရပ်၏ နှစ်ပတ်လည်မှတ်တိုင်သာ မဟုတ်တော့ဘဲ ပိုမိုမျှတ၊ ပိုမိုပါဝင်နိုင်ပြီး လူသားဆန်သော ဘုံအနာဂတ်အတွက် အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

ကိုးကားချက်များ

[1]: https://english.news.cn/20250901/ “Xi proposes Global Governance Initiative at SCO summit,” Xinhua/State Council of the People’s Republic of China, 1 September 2025.

[2]: https://english.www.gov.cn/ “China’s policy documents and official statements on the Global Governance Initiative,” State Council of the People’s Republic of China, 2025–2026.

[3]: https://unstats.un.org/sdgs/ “The Sustainable Development Goals Report,” United Nations Statistics Division.

[4]: https://www.itu.int/itu-d/reports/statistics/facts-figures-2025/ “Facts and Figures 2025,” International Telecommunication Union.

[5]: https://www.un.org/en/ “United Nations Headquarters materials on multilateral cooperation and global governance,” United Nations.

[6]: https://www.un.org/en/about-us/un-charter/full-text “United Nations Charter: Purposes and Principles,” United Nations.

မူရင်းသတင်း — Eleven Media Group