


စက်တင်ဘာ - ၂ ( ဗုဒ္ဓဟူးနေ့ )
ကမ္ဘာ့အပူချိန် မြင့်တက်လာမှုဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ၁.၅ ဒီဂရီ စဲလ်စီးယပ်စ်ကို ကျော်လွန်သွားဖို့ ရှိနေပြီး ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုနဲ့ ထိခိုက်မှုတွေကို ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေထိ တွန်းပို့နေပါတယ်။ ဒါပေမဲ့ ပါရီသဘောတူညီချက်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တွေကို အမီလိုက်နိုင်ဖို့နဲ့ အပူချိန် ပြန်လည်လျှော့ချဖို့ အခွင့်အရေး ရှိသေးတယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
Limiting Overshoot လို့ အမည်ရတဲ့ ဒီအစီရင်ခံစာမှာ ‘အပူချိန် ကျော်လွန်သွားခြင်း၊ အမြင့်ဆုံးသို့ ရောက်ရှိခြင်းနှင့် ပြန်လည်ကျဆင်းခြင်း” လမ်းကြောင်းဟာ အပူချိန် ကျော်လွန်မယ့် ပမာဏနဲ့ ကြာချိန်ကို တတ်နိုင်သမျှ လျှော့ချပြီး ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် အောက်ကို အမြန်ဆုံး ပြန်ရောက်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
"ဒီနွေရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်တဲ့ အပူလှိုင်းတွေ၊ တောမီးလောင်ကျွမ်းမှုတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုတွေဟာ ရှေ့လျှောက် ဘာတွေဖြစ်လာမလဲဆိုတာကို သတိပေးနေတာပါ။ ၁.၅ ဒီဂရီ အထက်ကျော်လွန်သွားတာမျိုးကို ပမာဏအတတ်နိုင်ဆုံး နည်းအောင်နဲ့ ကြာချိန်အတိုဆုံး ဖြစ်အောင် လုပ်ဆောင်ရပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပိုပြီး အရှိန်မြှင့်ဖို့ တောင်းဆိုနေတာပါ" လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြောကြားခဲ့ပါတယ်။
မီသိန်း အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ချက်ချင်းနဲ့ စဉ်ဆက်မပြတ် လျှော့ချခြင်းဖြင့် အပူချိန် အမြင့်ဆုံး ရောက်ရှိမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ သစ်တောစိုက်ပျိုးခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် လေထုထဲက ကာဘွန်ကို ဖယ်ရှားသိမ်းဆည်းသည့် (CDR) စနစ်ကို သေချာစနစ်တကျ စီမံခန့်ခွဲပြီး ရေရှည်မှာ အနုတ်လက္ခဏာ ဆောင်သည့် ထုတ်လွှတ်မှုအဆင့် အထိ ရောက်အောင် လုပ်ဆောင်ကာ အပူချိန်ကို ပြန်လည်လျှော့ချပေးရမှာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းတွေ၊ လူထုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကျရောက်လာမယ့် လက်ရှိနဲ့ အနာဂတ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိခိုက်နိုင်ခြေတွေကို လျှော့ချပေးမယ့် ပျော့ပျောင်းညှိနှိုင်းမှု အရေးယူဆောင်ရွက်ချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အပူချိန် အမြင့်ဆုံး ရောက်ရှိမှုကို အနည်းဆုံးဖြစ်အောင် မထိန်းချုပ်နိုင်ရင်တော့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တဲ့ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလို လမ်းကြောင်းမျိုးဟာ စိန်ခေါ်မှုနဲ့ ထိခိုက်မှုတွေကို လျှော့ချပေးပြီး လိုက်လျောညီထွေ ပြုပြင်ရတာကို ပိုမိုလွယ်ကူ သက်သာစေကာ အပူချိန် ပြန်လည်ကျဆင်းဖို့ အခွင့်အလမ်းကို ပိုမိုများပြားစေတယ်လို့ ဆိုပါတယ်။
ကောင်းတဲ့ ရလဒ်ဆိုတာ ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် အထက်မှာ ဆက်ရှိနေရင် ရှိလာမှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ အပူလှိုင်းတွေက ရာသီဥတု ထိခိုက်မှုတွေဟာ ပိုမိုမြန်ဆန်၊ ပိုမိုပြင်းထန်၊ ပိုမိုကြာရှည်စွာ ဖြစ်ပေါ်လာနေပြီး အသက်ပေါင်းများစွာနဲ့ ထိခိုက်ပျက်စီးမှုတွေကို ပိုမိုဖြစ်ပေါ်စေတယ်ဆိုတာ သက်သေပြနေပါတယ်" လို့ UNEP ရဲ့ အမှုဆောင်ဒါရိုက်တာ အင်ဂါ အန်ဒါဆင် က ပြောပါတယ်။ "အခုအချိန်ဟာ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်တွေကို နှစ်ဆတိုး လုပ်ဆောင်ရမယ့် အချိန်ပါ။ ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် သွားနိုင်ပါတယ်၊ သွားလည်း သွားရပါမယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် ထက် ကျော်လွန်မှုကို အတတ်နိုင်ဆုံး နည်းပါးပြီး တိုတောင်းအောင် လုပ်ဆောင်ခြင်းဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အကောင်းဆုံး အခြေအနေမှာတောင်မှ ကမ္ဘာ့အပူချိန် မြင့်တက်မှုဟာ စက်မှုတော်လှန်ရေးမတိုင်မီ ကာလထက် ၁.၈ ဒီဂရီ စဲလ်စီးယပ်စ်အထိ အမြင့်ဆုံး ရောက်သွားနိုင်ပြီး ဒါဟာ ပါရီသဘောတူညီချက်က သတ်မှတ်ထားတဲ့ ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် အထိပဲ ကန့်သတ်ထားဖို့ဆိုတဲ့ ပန်းတိုင်ထက် ပိုလွန်နေတာဖြစ်ပါတယ်။ အခြား ခန့်မှန်းချက် အများစုမှာဆိုရင် ဒီထက်မက ပိုမြင့်မားတဲ့ အပူချိန်တွေကို ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
အပူချိန် ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် ထက် ကျော်လွန်သွားရင်တော့ ဒီဂရီ အစိတ်အပိုင်းတစ်ခုစီ တိုးလာတိုင်းနဲ့ နှစ်အလိုက် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ ထိခိုက်မှုတွေဟာ ပိုပြီး ပြင်းထန်လာမှာ ဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေထဲမှာ ပြင်းထန် ရာသီဥတု ဖြစ်စဉ်တွေ ပိုမိုဆိုးရွားလာခြင်း၊ ဂေဟစနစ်တွေ ပျက်စီးခြင်း၊ ကျွန်းငယ် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ကမ်းရိုးတန်း နိမ့်ပိုင်းမြို့တွေ ရေအောက်မြုပ်သွားခြင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး၊ စားနပ်ရိက္ခာ လုံခြုံမှု၊ ရေရရှိနိုင်မှု၊ သဘာဝပတ်ဝန်းကျင်၊ မြို့ပြတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။
အပူချိန် ပိုမိုမြင့်မားမှုရဲ့ ပမာဏနဲ့ ကြာချိန် ပိုမိုရှည်ကြာလာတာနဲ့အမျှ ပြန်ပြင်လို့ မရနိုင်တော့တဲ့ ပြောင်းလဲမှု အလှည့်အပြောင်းတွေကို ကျော်လွန်သွားနိုင်ခြေ ပိုများလာတယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။ ဒီအထဲမှာ ပင်မ ရေခဲပြင်ကြီးတွေ မတည်ငြိမ်တော့ခြင်း၊ အမေဇုန် မိုးသစ်တောများ ပြုန်းတီးခြင်းနဲ့ အတ္တလန္တိတ် သမုဒ္ဒရာ ရေစီးကြောင်းများ မတည်ငြိမ်မှု (ကမ္ဘာ့ရာသီဥတုကို ထိန်းညှိရာမှာ အရေးပါတဲ့ ပူနွေးသော ရေမျက်နှာပြင်စီးကြောင်းကို မြောက်ဘက်သို့၊ အေးစက်သော ရေနက်စီးကြောင်းကို တောင်ဘက်သို့ ရွှေ့လျားပေးသည့် စနစ်) တို့ ပါဝင်ပါတယ်။ အချို့သော ထိခိုက်မှုတွေဟာ ရုတ်တရက် ပေါ်ပေါက်လာနိုင်သလို အချို့ကတော့ အချိန်နဲ့အမျှ စုပုံလာမှာ ဖြစ်ပါတယ်။
အန္တရာယ်တွေရဲ့ ပမာဏနဲ့ ရုပ်ကြွင်းလောင်စာတွေကနေ ပြည့်ဖြိုးမြဲစွမ်းအင်သို့ မြန်မြန်ဆန်ဆန် ကူးပြောင်းခြင်း ကဲ့သို့ ရာသီဥတု ဆိုင်ရာ ဆောင်ရွက်ချက်တွေရဲ့ ပူးတွဲအကျိုးကျေးဇူးများ (လေထု အရည်အသွေးနဲ့ ပြည်သူ့ကျန်းမာရေး တိုးတက်လာခြင်း၊ စွမ်းအင်စရိတ် လျှော့ချနိုင်ခြင်းနဲ့ လျှပ်စစ်ဓာတ်အား ပိုမိုရရှိနိုင်ခြင်း) ကို ထည့်သွင်းစဉ်းစားပြီး 'အပူချိန် ကျော်လွန်ခြင်း၊ အမြင့်ဆုံးသို့ ရောက်ရှိခြင်းနှင့် ပြန်လည်ကျဆင်းခြင်း' လမ်းကြောင်းပေါ် ရောက်ရှိဖို့အတွက် အရှိန်မြှင့်တင်ထားတဲ့၊ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ကြဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်သလဲ ဆိုတာပေါ် မူတည်ပြီး ဒီလမ်းကြောင်းရဲ့ ပုံသဏ္ဌာန်နဲ့ ဦးတည်ရာကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
ခိုင်မာတဲ့ နိုင်ငံရေး ဆန္ဒ၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ထိရောက်တဲ့ မူဝါဒတွေ၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေဟာ လုပ်ဆောင်ချက်တွေ အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်ပြီး တရားမျှတမှုနဲ့ တန်းတူညီမျှမှုတို့ဟာ တုံ့ပြန်ဆောင်ရွက်မှု အားလုံးရဲ့ အုတ်မြစ် ဖြစ်ရပါမယ်။ ရာသီဥတု ပြောင်းလဲမှုအတွက် ပိုပြီး တာဝန်ရှိတဲ့ နိုင်ငံတွေက ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ လျှော့ချရေး နဲ့ လိုက်လျောညီထွေ ပြုပြင်ရေး စနစ်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုနေတာကြောင့် ပေါ်ပေါက်လာမယ့် ဘေးအန္တရာယ်တွေကို တုံ့ပြန်နိုင်အောင် နှစ်ခုစလုံး ပြိုင်တူ ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ သဘာဝအခြေခံ အေးမြစေသည့် နည်းလမ်းများ ကဲ့သို့ လျှော့ချရေးရော လိုက်လျောညီထွေဖြစ်ရေး ပန်းတိုင်နှစ်ခုစလုံးကို အောင်မြင်စေမယ့် ဆောင်ရွက်ချက်တွေ ကို ဦးစားပေးသင့်ပါတယ်။
အခု စတင်တည်ဆောက်ထားတဲ့ လိုက်လျောညီထွေ ပြုပြင်ရေးစနစ်တွေဟာ အနာဂတ် ကြိုးပမ်းအားထုတ်မှုတွေအတွက် အုတ်မြစ်ဖြစ်လာမှာဖြစ်ပေမဲ့ ဒါတွေဟာ ဘက်ပေါင်းစုံ ကဏ္ဍစုံ ပြောင်းလဲမှု (transformational) ဖြစ်ရမှာဖြစ်သလို ရုတ်တရက် ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်တွေ (လျှော့ချရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်မယ့် အန္တရာယ်တွေ အပါအဝင်) ကို တုံ့ပြန်နိုင်စွမ်း ရှိရပါမယ်။
Net-zero (ဖန်လုံအိမ်ဓာတ်ငွေ့ စတင် မထွက်ရှိတော့သည့်အဆင့်) ဟာ Net-negative (စုပ်ယူမှု ပိုများသည့်အဆင့်) သို့ သွားရာမှာ မှတ်တိုင်တစ်ခုသာ ဖြစ်ပြီး၊ ကာဘွန်ဒိုင်အောက်ဆိုက် ဖယ်ရှားခြင်း (CDR) ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ စဉ်ဆက်မပြတ် လျှော့ချခြင်းရဲ့ အစားထိုး မဟုတ်ဘဲ ဖြည့်စွက်ချက်အဖြစ် လိုအပ်တာဖြစ်တယ်လို့ အစီရင်ခံစာက အလေးပေး ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမြင့်ဆုံး အပူချိန်မြင့်တက်မှုဟာ ၂ ဒီဂရီ စဲလ်စီးယပ်စ် အောက်မှာပဲ ရှိနေပြီး ကျန်ရှိနေတဲ့ ထုတ်လွှတ်မှု အားလုံးကို လျှော့ချနိုင်မှသာ CDR စနစ်ဟာ ၁.၅ ဒီဂရီ စဲလ်စီးယပ်စ် အောက်ကို ပြန်ရောက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ CDR ကို တာဝန်သိစွာ အသုံးပြုနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် တည်တံ့မှု၊ တန်းတူညီမျှမှု၊ စကေးချဲ့ ဆောင်ရွက်နိုင်မှုတို့အပေါ် ရိုက်ခတ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ခိုင်မာတဲ့ အုပ်ချုပ်မှု မူဘောင်တွေ ရှိဖို့ လိုအပ်ပါလိမ့်မယ်။
ဒီအစီရင်ခံစာဟာ 'အပူချိန် ကျော်လွန်ခြင်း၊ အမြင့်ဆုံးသို့ ရောက်ရှိခြင်းနှင့် ပြန်လည်ကျဆင်းခြင်း' လမ်းကြောင်းဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ရာသီဥတုဆိုင်ရာ နယ်ပယ်သစ်တစ်ခုဖြစ်ပြီး နောင်မျိုးဆက်တွေ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပစ်ထားခဲ့လို့ မရဘူးဆိုတာကို သတိပေးနေတာပါ။ ဒီလမ်းကြောင်းမျိုးကို အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် အခုချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
REF: UNEP
#News #Myanmar