Eleven Media Group

ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဋိပက္ခဖြေရှင်းရေးကို အကျိုးပြုနေတဲ့ ရှီရဲ့ အတွေးအခေါ်

၁၉၄၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်က စတင်တည်ထောင်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခုအခါ ၇၇ နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ၇၇ နှစ်တာကာလအတွင်း အဘက်ဘက်မှာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ယခုအခါ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ် တည်လာနိုင်ပြီဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ကြောင်း ပီကင်းမြို့ တီယန်မင်ရင်ပြင်တွင် တရားဝင်ကြေညာခဲ့သည် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးမော်စီတုန်းမှစကာ ခေါင်းဆောင်များအဆက် ဆက်လက်ဆင့်ကမ်းဦးဆောင်မှုဖြင့် တိုးတက်ဖွံ့ဖြိုးလာခဲ့သည့် ယနေ့တရုတ်နိုင်ငံသည် ယခုအခါ တရုတ်ပြည်သူ များ၏စားဝတ်နေရေးနှင့် လုံခြုံစွာနေထိုင်ရေးကိုသာမက တရုတ်နိုင်ငံတော်သစ်သမိုင်းတစ်လျှောက် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပဋိပက္ခဖြေရှင်းရေးကိုပါ အောင်မြင်စွာစွမ်းဆောင်လာနိုင်သည်အထိ တာဝန်ယူလာနိုင်ခဲ့ပြီ ဖြစ်သည်။

၁၉၄၉ ခုနှစ်စတင်တည်ထောင်ချိန်မှစကာ ယနေ့အထိတရုတ်နိုင်ငံတော်သစ်သမိုင်းကိုကြည့်ပါက ပြောင်းလဲလာနေသည့် တည်ဆောက်မှုများကို တွေ့ရမည်ဖြစ်သည်။ မော်စီတုန်းဦးဆောင်သောကာလတွင် ကွဲပြားနေသည့် တရုတ်နိုင်ငံတော်ကို စုစည်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ဆောက်ရန် အဓိကထားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့် ဗဟိုအစိုးရအာဏာတည်ဆောက်ခြင်း၊ စက်မှုအခြေခံတည်ဆောက်ခြင်း၊ စာတတ်မြောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးချဲ့ခြင်း၊ လူထုကို စည်းရုံးခြင်းကို လုပ်ဆောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။

၁၉၇၈ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီကို တိန့်ရှောင်ဖိန် ဦးဆောင်လာပြီးနောက် စီးပွားရေးစနစ် ပြန်လည်တည်ဆောက်ခြင်းကို အဓိကထားလုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ တိန့်ရှောင်ဖိန်လက်ထက်တွင် တံခါးဖွင့် စီးပွားရေးမူဝါဒကို စတင်ခဲ့ကာ ဈေးကွက်ပြုပြင်ပြောင်းလဲမှုများ၊ အထူးစီးပွားရေးဇုန်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်ကိုဦးတည်သော ထုတ်လုပ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့်ပေါင်းစည်းရန် အလေးထားလုပ်ဆောင်ခဲ့သည်။

တိန့်ရှောင်ဖိန်ဦးဆောင်သောခေတ်တွင် စီးပွားရေးကို အာရုံစိုက်ခဲ့ပြီး စီးပွားရေးအယူဝါဒထက် မည်သည့် စီးပွားရေးစနစ်က တရုတ်ကိုဖွံ့ဖြိုးစေမည်လဲဆိုသည့်ဘက်ကို အလေးထားခဲ့သဖြင့် ယနေ့တရုတ်ပြည်ရောက်နေသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်စေခဲ့သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

တိန့်ရှောင်ဖိန်လွန်ပြီးနောက်ကာလသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလဖြစ်သည်။ ထိုကာလတွင် တရုတ်နိုင်ငံသည် WTO သို့ ဝင်ရောက်ခွင့်ရပြီး ကမ္ဘာ့စီးပွားရေးစနစ်ထဲ အလွန်နက်ရှိုင်းစွာ ဝင်ရောက်နိုင်ခဲ့သည်။ သမ္မတကျန်ဇီမင်းနှင့် ဟူကျင်တောင်လက်ထက်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာကာ ပြည်ပပို့ ကုန်တင်ပို့မှုကြီးထွားလာသဖြင့် တရုတ်နိုင်ငံသည် “ဖွံ့ဖြိုးဆဲနိုင်ငံ”အဆင့်မှ “ကမ္ဘာ့စက်ရုံ” အဖြစ်ပြောင်းလဲလာခဲ့သည်။

မော်စီတုန်းခေတ်မှ ဟူကျင်တောင်လက်ထက်အထိ ကာလတစ်လျှောက်လုံးကိုကြည့်ပါက တရုတ်နိုင်ငံသည် ထိုကာလတွင် တိုင်းပြည်ထူထောင်မှုနှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီကို ရှီကျင့်ဖိန်ဦးဆောင်သည့် ၂၀၁၂ ခုနှစ်မှ လက်ရှိကာလကိုကြည့်ပါက တရုတ်ကွန်မြူနစ်ပါတီသည် ဘက်စုံကမ္ဘာ့အင်အားကြီးဖြစ်လာသည့် တရုတ်နိုင်ငံကို ခေတ်သစ်ထဲ အတိမ်းအစောင်းမရှိ အရှိန်အဟုန်မပျက် ကူးပြောင်းဝင်ရောက်နိုင်အောင် ဦးဆောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

■ ရှီကျင့်ဖိန်၏ အတွေးအခေါ်အယူအဆ

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတအဖြစ်တာဝန်ယူထားသည့် ရှီကျင့်ဖိန် လက်ထက်တွင် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများ၏ အောင်မြင်တောက်ပသောခေတ်ကို ထင်ရှားစွာတွေ့ရမည်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အင်အားတောင့်တင်းသော ဦးဆောင်မှုနှင့် တရုတ်အမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် အောင်မြင်သည့်စာမျက်နှာသစ်များကို ရေးထိုးနေသည်ကို မြင်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်နုပျိုရေး၊ လုပ်ငန်းစဉ်တစ်ခုလုံးဆိုင်ရာ ပြည်သူ့ဒီမိုကရေစီ၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘုံကြွယ်ဝချမ်းသာရေးနှင့် အမျိုးသားလုံခြုံရေးကို အထူးအလေးထားသည့် အတွေးအခေါ်အယူအဆကို ရှီကျင့်ဖိန်က ဖော်ထုတ်ခဲ့သည်။

သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့်ပင် တရုတ်ကွန်မြူနစ်ပါတီက ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပါတီတွင်းစီမံခန့်ခွဲမှုကို စဉ်ဆက်မပြတ်တိုးတက်ကောင်းမွန်စေခဲ့ပြီး တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းတို့ကို ချမှတ်ကာ လာဘ်ပေးလာဘ်ယူနှင့် အဂတိကို ပြတ်ပြတ်သားသား တိုက်ဖျက်ခဲ့သည်။

တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီကို ရှီကျင့်ဖိန်တာဝန်ယူချိန်ကစပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အလွန်အလေးထားခဲ့ကာလုပ်ဆောင်ခဲ့သည်။ ရှီကျင့်ဖိန်သည် ထိုလုပ်ဆောင်မှုကို လူထုထောက်ခံမှုရဖို့ ဆောင်ပုဒ်တစ်ခုတည်းအတွက်မဟုတ်ဘဲ တရုတ်ပြည်တိုးတက်မှု၏အတားအဆီးနှင့် တရုတ်ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးဖြစ်နေမှုကိုဖယ်ရှားရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်ခဲ့သည်။ ထိုသို့အရေးယူမှုထဲတွင် ပါတီနှင့်အစိုးရအဖွဲ့၊စစ်ဘက်ထဲမှ ထိပ်တန်းပုဂ္ဂိုူလ်များ၊ အဆင့်မြင့်အရာရှိများ၊ ပြည်နယ်/မြို့ပြအရာရှိများနှင့် အစိုးရဌာနတာဝန်ရှိသူများ ပါဝင်ခဲ့သည်။

ရှီကျင့်ဖိန်လက်ထက်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုကို တရုတ်နိုင်ငံရေးစနစ်၏ အလယ်ဗဟိုချက်အဖြစ် အလေးထားခဲ့သည်။ ထိုသို့ ပါတီက ဗဟိုချက်အဖြစ် ချုပ်ကိုင်ခဲ့သဖြင့် ကိုဗစ်ကပ်ဘေးနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းခြင်း၊ အမေရိကန်နှင့် ပထမကုန်သွယ်ရေးစစ်ပွဲ၊ ထရမ့်ဒုတိယသက်တမ်းကာလ အခွန်စည်းကြပ်တိုက်ခိုက်မှုများတွင် အကြီးစားအခြေခံအဆောက်အအုံ၊ မြန်နှုန်းမြင့် ရထားလမ်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ AI၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသနည်းပညာများ၏အရင်းအမြစ်များကို မြန်မြန်ဆန်ဆန်စုစည်းနိုင်ခဲ့သဖြင့် တရုတ်၏ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို မထိခိုက်အောင် ၊အရှိန်အဟုန်ကိုမကျအောင် စွမ်းဆောင်နိုင်ခဲ့သည်။

■ ရှီကျင့်ဖိန်၏ ကမ္ဘာ့အတွက် အစီအစဉ်လေးရပ်

ရှီကျင့်ဖိန်နိုင်ငံကို စတင်ဦးဆောင်သည့် ၂၀၁၂ ခုနှစ်မှစကာနောက်ပိုင်းကာလများအထိ ကမ္ဘာသည် အင်အားကြီးနိုင်ငံများ၏ပြိုင်ဆိုင်မှုမှ နိုင်ငံအများစုပူးပေါင်းဆောင်ရွက်ရမည့် ခေတ်တစ်ခေတ်ဆီ ရွေ့လျားလာသည်။ စစ်ပွဲများ၊ စီးပွားရေးမညီမျှမှုများ၊ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာနှင့်စွမ်းအင်လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် နည်းပညာကွာဟချက်များသည် နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းလို့မရတော့သည့် ပြဿနာများ ဖြစ်လာသည်။

ထိုသို့ စစ်ပွဲများ၊ကပ်ဘေးများ၊ပဋိပက္ခများဖြင့် ဒင်းကြမ်းပြည့်နေသည့် ကသောင်းကနင်းကာလတွင် ကမ္ဘာ့လူဦးရေအများဆုံးတိုင်းပြည်ကြီးကို ဦးဆောင်ကာဖြတ်သန်းနေရသည် ရှီကျင့်ဖိန်အတွက် အချိန်ကာလ၏ တောင်းဆိုချက်အသစ်များကို ဖြည့်ဆည်းခဲ့သည်။ ကမ္ဘာ့အရေးကိစ္စတွေကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကြီးထွားလာသည်နှင့်အမျှ ထိုကာလတွင် ရှီကျင့်ဖိန်သည် ၎င်း၏အတွေးအခေါ်အယူအဆများကို ဆက်တိုက်တင်ပြလာခဲ့သည်။ ၂၀၂၁ ခုနှစ်ကကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏အမျိုးသားဝိသေသလက္ခဏာရပ်များနှင့် မာ့ခ်စ်ဝါဒကိုပေါင်းစပ်ခြင်းဆိုသည့် ပေါင်းစပ်မှုကြီးနှစ်ခုအယူအဆကို ပထမဆုံးထုတ်ဖော်အဆိုပြုခဲ့သည်။

ထိုအယူအဆမှတစ်ဆင့် ကမ္ဘာ့သို့ အပြန်အလှန်လေးစားခြင်း၊ တရားမျှတမှု (fairness and justice)၊ နှစ်ဦးနှစ်ဖက် ကောင်းကျိုးများရရှိမည့် ပူးပေါင်းဆောင်ရွက်ခြင်းကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်ကို တရုတ်နိုင်ငံက တောက်လျှောက် တစ်စိုက်မတ်မတ် တိုက်တွန်းအရေးဆိုလာခဲ့သည်။

ရှီကျင့်ဖိန်က ကသောင်းကနင်းဖြစ်နေသည့် ကမ္ဘာအတွက် အစီအစဉ်သစ်လေးရပ်ကို တင်ပြခဲ့သည်။ မျှဝေထားသော အနာဂတ်ရှိသည့် ကမ္ဘာ့အသိုက်အဝန်း (Community of Shared Future for Mankind)၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Global Development Initiative - GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် (Global Security Initiative - GSI) နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအစဉ် (Global Civilization Initiative -GCI) စသည့် အစီအစဉ်လေးရပ်ကို တင်ပြခဲ့သည်။

မျှဝေထားသောအနာဂတ်ရှိသည့် ကမ္ဘာ့အသိုက်အဝန်းဟူသော အတွေးအခေါ်သည် ရှီကျင့်ဖိန်၏ သံတ မန်ရေးရာ အတွေးအခေါ်၏ အုတ်မြစ်ဖြစ်သည်။ ထိုအယူအဆသည် ‘နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြား နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သီးခြားခွဲထားလို့မရ’ ဆိုသည့်အမြင်ပေါ် အခြေခံထားသည်။

ယနေ့ကမ္ဘာတွင် စီးပွားရေးကွင်းဆက်များ၊ စွမ်းအင်ဈေးကွက်၊ အစားအစာထောက်ပံ့ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့်ကပ်ရောဂါများသည် နိုင်ငံများ၏နယ်နိမိတ်ကိုကျော်လွန်နေရာ တစ်နိုင်ငံတွင် ဖြစ်သည့် အကျပ်အတည်းသည် အခြားနိုင်ငံများ၏စီးပွားရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်နေသည်။

ထို့ကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုသည် “တစ်နိုင်ငံတည်း ချမ်းသာလာရေး” မဟုတ်တော့ဘဲ “အပြန်အလှန်အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်လာဖို့ လိုအပ်သည်ဟု ရှီကျင့်ဖိန်က ဆိုသည်။ ရှီကျင့်ဖိန်၏ထိုအယူအဆသည် အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးကြီးသည်။ တရုတ်နိုင်ငံသည် ၎င်း၏ခေတ်မီတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် မျှ ဝေထားသော အနာဂတ်ကမ္ဘာ့အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံ ကို Belt and Road Initiative အောက်တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(GDI)ကို ရှီကျင့်ဖိန်က ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့သည်။ GDI ၏အဓိက အာရုံစိုက်မှုသည် ကမ္ဘာ့ဖွံ့ဖြိုးရေးကို ပြန်လည်အာရုံစိုက်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားနပ် ရိက္ခာလုံခြုံရေး၊ကျန်းမာရေး၊ပညာရေး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးရေး၊ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး၊ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးစွမ်းရည်မြှင့်တင်ရေးတို့ကိုအလေးထားသည့် ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (2030 Sustainable Development Goals) ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

GDI တွင် စိတ်ဝင်စားစရာအချက်မှာ ဖွံ့ဖြိုးတိုးတက်မှုကို လုံခြုံရေးနှင့်ခွဲမထားခြင်းဖြစ်သည်။ ရှီကျင့်ဖိန်က ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်မရှိမှု၊ အစားအစာမလုံလောက်မှုနှင့် ဖွံ့ဖြိုးရေးနောက်ကျမှုများသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့်ပဋိပက္ခများကို ဖြစ်ပေါ်စေရာ ဖွံ့ဖြိုးရေးကိုတိုးမြှင့်ခြင်းသည် ပဋိပက္ခဖြစ်နိုင်ခြေကို လျှော့ချနိုင် သည့်နည်းလမ်းတစ်ခုအဖြစ် တင်ပြခဲ့သည်။ထိုအမြင်သည် ရှီကျင့်ဖိန်၏နိုင်ငံတကာအစီအစဉ် ၄ ရပ်ထဲ အရေး ကြီးဆုံးချိတ်ဆက်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာက ရှီကျင့်ဖိန်၏ထိုအယူအဆထုတ်ဖော်မှုကို တန်ဖိုးထားလက်ခံကြသည်။

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအစဉ်(GSI)ကို ၂၀၂၂ ခုနှစ်တွင် ရှီကျင့်ဖိန်က တင်ပြခဲ့သည်။ GSI ၏ အဓိက အယူအဆမှာ ‘နိုင်ငံတစ်နိုင်ငံ၏လုံခြုံရေးကို တခြားနိုင်ငံ၏လုံခြုံရေးနှင့်ဆန့်ကျင်ကာ တည်ဆောက်လို့မရ’ ဖြစ် သည်။ထိုအမြင်သည် နိုင်ငံများ၏လုံခြုံရေးပြိုင်ဆိုင်မှုများကို “zero-sum game” အဖြစ်မမြင်ဘဲ အပြန်အလှန် လုံခြုံရေးအဖြစ် ပြောင်းလဲမြင်နိုင်ကြဖို့ ကြိုးစားထားသည်။

နိုင်ငံတစ်နိုင်ငံက ၎င်းနိုင်ငံ၏လုံခြုံရေးကို မြှင့်တင်ဖို့ လက်နက်အင်အားတိုးမြှင့်လာသည့်အခါ အခြားနိုင်ငံက မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု ခံစားရနိုင်ခြင်းသည့် အကျဉ်းအကျပ်ကို မြင်နိုင်ရန်ဖြစ်သည်။ ရှီကျင့်ဖိန်၏ GSI အယူအဆသည် လုံခြုံရေးဆိုင်ရာ “zero-sum game” စက်ဝန်းကို ချိုးဖျက်ဖို့ ကြိုးစား ခြင်းဖြစ်သည်။ ရှီကျင့်ဖိန်၏ ထိုအယူအဆကို လက်တွေ့နိုင်ငံတကာဆက်ဆံရေးတွင်မြင်ရသည့် ထင်ရှားသော ဥပမာမှာ တရုတ်က ကမကထပြုခဲ့သည့် အီရန်နှင့် ဆော်ဒီအာရေဗျတို့၏ ပြန်လည်သင့်မြတ်ရေးဖြစ်သည်။

အရှေ့အလယ်ပိုင်းရှိ ထိုနိုင်ငံနှစ်ခုသည် နှစ်ပေါင်းများစွာ ဒေသတွင်းပြိုင်ဘက်များဖြစ်ခဲ့ကြပြီး ဒေသတွင်းပဋိပက္ခများတွင် နှစ်ဖက်လုံးသည် မတူညီသောဘက်များကို ထောက်ခံခဲ့ကြသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက ထိုနှစ်နိုင်ငံကြားဆွေးနွေးပွဲများကို ပေကျင်းတွင် လက်ခံကျင်းပပေးခဲ့သည်။ ထို့နောက် နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ သဘောတူညီချက်ရရှိခဲ့သည်။ ထိုဖြစ်ရပ်သည် “ပဋိပက္ခကို အင်အားသုံးပြီးအနိုင်ယူခြင်းထက် ဆွေးနွေးညှိနှိုင်းမှုနှင့် ဖြေရှင်းလို့ရခြင်း”ဆိုသည့် ရှီကျင့်ဖိန်၏အယူအဆ မည်မျှလက်တွေ့ကျမှန်ကန်ကြောင်းကို အကောင်းဆုံးသက်သေပြသည့် အရေးကြီးသော ဖြစ်ရပ်တစ်ခု နိုင်ငံတကာက လက်ခံထားကြသည်။

ရှီကျင့်ဖိန်က နိုင်ငံတကာ ပဋိပက္ခများတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍသည် စစ်ရေးအင်အားသုံးပြီး ငြိမ်းချမ်းရေး အတင်းအကျပ်ချမှတ်ပေးခြင်းမဟုတ်ဘဲ နှစ်ဖက်စလုံးလက်ခံနိုင်သည့် ဆွေးနွေးစရာအခင်းအကျင်း ဖန်တီးပေးရေးဆိုသည်ကို ပြသခဲ့သည်။ အင်အားမသုံးဘဲ စေ့စပ်ဆွေးနွေးရေးဆိုသည့် တရုတ်၏နည်းလမ်းသည် အင်အားကြီးနိုင်ငံများဝင်ရောက်စွက်ဖက်မှုကို မလိုလားသည့် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအတွက် စိတ်ဝင်စားစရာ ကောင်းသည့် ပဋိပက္ခဖြေရှင်းရေးပုံစံတစ်ခု ဖြစ်လာပြီး နိုင်ငံတကာက လက်ခံလာကြသည်။

ရှီကျင့်ဖိန်က နောက်ထပ်တင်ပြသည့် အတွေးအခေါ်အယူအဆသည် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အစီအစဉ်(GCI) ဖြစ်သည်။ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအစဉ်သည် မတူကွဲပြားမှုကိုလက်ခံထားပြီး ယဉ်ကျေးမှုတစ်ခုတည်း၊ တန်ဖိုးတစ်မျိုးတည်းကို အားလုံးအပေါ် သွတ်သွင်းဖို့ မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု အမျိုးမျိုး၊ သမိုင်းအတွေ့အကြုံအမျိုးမျိုးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအမျိုးမျိုးကို လေးစားဖို့ အလေးပေး ထားသည်။

ထိုအယူအဆ၏ အခြေခံသဘောတရားသည် မတူကွဲပြားမှုကိုလက်ခံပြီး နိုင်ငံတိုင်းအနေဖြင့် ၎င်းနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့်လူမှုအခြေအနေကို အခြေခံကာ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ခွင့် ရှိသည်ဆိုသောအချက်ဖြစ်သည်။

■ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို တွဲထားသည့် အတွေးအခေါ်

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် တတိယကမ္ဘာ့နိုင်ငံများနှင့် ပဋိပက္ခဖြစ်နေသော ဒေသရှိ နိုင်ငံများ အတွက် ရှီကျင့်ဖိန်၏အစီအစဉ်လေးရပ်သည် လက်တွေ့ကျသည့် ရွေးချယ်စရာ အတွေးအခေါ်အယူအဆဖြစ်သည်။

ရှီကျင့်ဖိန်၏ အယူအဆလေးရပ်ကို တစ်စုတစ်စည်းတည်း ကြည့်ပါက တိုးတက်ဖွံ့ဖြိုးမှု၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည့် အချက်များကို ချိတ်ဆက်ကာ မြင်ရမည်ဖြစ်သည်။ရှီကျင့်ဖိန်က ဖွံ့ဖြိုးမှုမရှိရင် မတည်ငြိမ်မှု ဖြစ်လာနိုင်သည်။ မတည်ငြိမ်ပါက ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး မဖြစ်နိုင်။ ပဋိပက္ခရှိပါက ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားနိုင်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း၊ လုံခြုံရေးကို တည်ဆောက်ခြင်းနဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်ဆိုသောအမြင်ကို ကမ္ဘာကို ဖော်ထုတ်ပြခဲ့သည်။

ထိုအမြင်သည် တရုတ်နိုင်ငံကိုယ်တိုင် ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် လျှောက်လာသည့်လမ်းကြောင်းတစ်လျှောက်ကြုံခဲ့ရသည့် အတွေ့အကြုံများမှ ထိုအတွေးအခေါ်အယူအဆထွက်လာခြင်းဖြစ်သည်။ ရှီကျင့်ဖိန်က ထိုအတွေ့အကြုံများကို နိုင်ငံတကာသို့ မျှဝေဖို့ ကြိုးစားခြင်းဖြစ်သည်။မတည်ငြိမ်သော ကမ္ဘာ၏ယနေ့အချိန်တွင် “အင်အားကြီးနိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတွေကို ဦးဆောင်ခြင်း” ထက် “နိုင်ငံတွေကြား အပြန်အလှန်မှီခိုမှုကို အသိအမှတ်ပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံ ခြုံရေးကို အတူတကွတည်ဆောက်ခြင်း” ဆိုသည့် ကမ္ဘာ့အမြင်ကို တင်ပြခဲ့သည်။

ရှီကျင့်ဖိန်၏ ကမ္ဘာ့အစီအစဉ် ၄ ရပ်သည် ယနေ့ကမ္ဘာအတွက် အဓိပ္ပာယ်ရှိသော အယူအဆတစ်ခု ဖြစ်လာ နေသည်။ ထိုအစဉ် ၄ ရပ်သည် ဆင်းရဲနွမ်းပါးမှုကို ဘယ်လောက်အထိ လျှော့ချနိုင်သလဲ၊ ဖွံ့ဖြိုးရေးအခွင့်အလမ်းတွေကို ဘယ်လောက်အထိ ဖန်တီးပေးနိုင်သလဲ၊ ပဋိပက္ခတွေကို ဘယ်လောက်အထိ လျှော့ချနိုင်သလဲ၊ နိုင်ငံငယ် တွေ၏ အကျိုးစီးပွားကို ဘယ်လောက်အထိ ထည့်သွင်းစဉ်းစားပေးနိုင်သလဲဆိုသည်ကို မြင်တွေ့နေရသည်။

အင်အားပြိုင်ဆိုင်မှုတစ်ခုတည်းဖြင့် ရှေ့ဆက်နိုင်သည့်အခြေအနေမရှိသည့် ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး၊ မတူကွဲပြားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ပြိုင်တည်းစဉ်းစားနိုင်သော အယူအဆတစ်ခု လိုအပ်နေသည့်အချိန်တွင် ရှီကျင့်ဖိန်၏ အတွေးအခေါ်သည် ကမ္ဘာအတွက် ချိန်ကိုက်ပေါ်ထွက်လာသည့် ရွေးချယ်စရာတစ်ခုဖြစ်လာနေသည်။

မူရင်းသတင်း — Eleven Media Group