Eleven Media Group

■ မိုင်းရှူးတွင် မိုးသည်းထန်မှုကြောင့် နေအိမ်ပေါ် မြေပြိုကျပြီး ၃ ဦးသေဆုံး၊ ၁ ဦး ဆက်လက်ရှာဖွေနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဆိုင်းလျှံနယ်မြေ၊ ဟိုဆိုင်ကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းမြေပြိုကျကာ နေအိမ် နှစ် လုံးပေါ်သို့ မြေပိခဲ့ပြီး လူ လေး ဦး မြေပိခဲ့သည့်ဖြစ်စဉ် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်းလျှံနယ်မြေ (လ/၂၀) လုပ်ကွက်အနီးရှိ နေအိမ် ၂ လုံးပေါ်သို့ တောင်စောင်းမြေများ ပြိုကျခဲ့ခြင်းဖြစ်သည်။ အဆိုပါ နေအိမ် ၂ လုံးအနက် တစ်လုံးမှာ လူနေထိုင်ခြင်းမရှိဘဲ ကျန်တစ်လုံးတွင် မိသားစုဝင် ၄ ဦး နေထိုင်ကြောင်း သိရသည်။

မြေပြိုမှုကြောင့် ကျား ၃ ဦးနှင့် မ ၁ ဦး စုစုပေါင်း ၄ ဦး မြေပိနေကြောင်း သတင်းရရှိသဖြင့် လွိုင်ဆောင်ထောက် အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကျား ၁ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကျား ၂ ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တွေ့ရှိခဲ့သည့် ရုပ်အလောင်း ၃ လောင်းအား မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိနေသည့် အမျိုးသမီး ၁ ဦးကို ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group