
နိုင်ငံကျော်သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွန်းအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ၊ ဥပဒေပညာရှင်ဦးအောင်စိုးဦး ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဆရာ ဦးအောင်စိုးဦးမှာ စက်တင်ဘာ ၈ ရက် ည ၇ နာရီခွဲခန့်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ မကွယ်လွန်မီရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ ဝန်ကြီးများရုံးရှိ The Lantern House တွင်ပြုလုပ်ခဲ့သည့်မြန်မာစာဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်၏ အသက် (၉၀) ပြည့် မွေးနေ့ အမှတ်တရအဖြစ်ထုတ်ဝေသည့် “ဂုဏ်ထူးစာစောင်” စာအုပ်ကိုဦးဆောင်စီစဉ်ခဲ့ပြီး အဆိုပါ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။
ယင်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် (မြန်စာချစ်၊ အတွင်းရေးမှူး) အဖြစ်တာဝန်ယူထားသည့် ဆရာဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆရာဦးအောင်စိုးဦးသည် မြန်မာနိုင်ငံ၏တရားရေးနှင့် ဥပဒေအရေးဆိုင်ရာလှုပ်ရှားမှုများတွင်လည်း ထင်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာမီဒီယာရှေ့နေများကွန်ရက်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ ဖူးသူဖြစ်သည်။
ထို့ပြင် ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်သည့် ဆရာပါရဂူ၏ ရေးသားခဲ့သည့်စာပေများကို တရားမဝင်စီးပွားဖြစ် ခိုးယူထုတ်ဝေခြင်းမှကာကွယ်ရန်အတွက် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ဖွဲ့စည်းခဲ့သည့် အဖွဲ့တွင်လည်း တရားလွှတ်တော်ရှေ့နေအဖြစ်ပါဝင်ခဲ့သည်။
အလားတူ ၁၉၉၄ ခုနှစ်တွင် ရိုက်ကူးပြသခဲ့သည့် နော်ရင်မွှေးဇာတ်ကားကိုလည်း ဒါရိုက်တာအဖြစ် ဦးဆောင်ရိုက်ကူးခဲ့သည်။