
■ မန္တလေးမြို့တွင် အွန်လိုင်း လောင်းကစား ပြုလုပ်သူများကို စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
မန္တလေးမြို့တွင် အွန်လိုင်းလောင်ကစားပြုလုပ်သူများကို စက်ပစ္စည်းများနှင့်အတူ စက်တင်ဘာ ၈ ရက် ၊ ညနေ ၆ နာရီခွဲခန့် က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၃လမ်းနှင့်၆၄ လမ်းကြားရှိ နေအိမ်တစ်ခုတွင် အွန်လိုင်းလောင်းကစား ပြုလုပ်နေကြောင်းသတင်းရရှိသဖြင့် မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့နှင့်ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့အစည်းအသီးသီးမှ စက်တင်ဘာ ၈ ရက် ၊ ညနေ ၆ နာရီခွဲခန့် က ဝင်ရောက်စစ်ဆေးခဲ့ရာ ငွေသား ကျပ်သိန်း ၁၅၀၊ ကွန်ပြူတာ ၆ လုံး၊ Laptop ၁ လုံး ၊ ကွန်ပျူတာ Moueter ၁ လုံး၊ဖုန်း ၁၄ လုံး၊ Wifi စက် ၂ လုံး၊ CCTV ၁ လုံးတို့နှင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဦးဆောင်လုပ်ကိုင်သူ အမျိုးသမီးကို စစ်ဆေးမေးမြန်းချက်အရ ၂၀၂၄ ခုနှစ်၌ ၎င်း၏နေအိမ်တွင် စတင် တည်ထောင်၍ ဝန်ထမ်း ၂ ဦးအား တစ်လလျှင် ၃ သိန်းကျပ်မှ ၅ သိန်းကျပ်အထိပေး၍ ကိုရီးယားနိုင်ငံမှ Online ပေါ်ရှိ Goldeni Star Online Account မှ Goldeni Star Online ဖဲဂိမ်းအား ကျပ်သိန်း ၁၅၀ ဖြင့်ဝယ်ယူပြီး နေအိမ်ရှိ တူ၊ တူမများမှ အရင်ကစား၍ သီတာဦး K-pay ၊ သဲမွန်ဦး K-pay၊ လှိုင်ဝင်း K-pay၊ သဉ္ဇာထက် K-pay account တို့ဖြင့် ငွေသွင်း/ငွေထုတ်လုပ်ငန်းအား လုပ်ကိုင်ကြောင်း သိရသည်။
" အခုမိတာတွေက ဖဲဂိမ်းပေါ့။ ဆော့ဝဲလ်နဲ့ Downပြီးမှ ဆော့ရတဲ့ဟာတွေ။ ပြောရရင် အွန်လိုင်း လောင်းကစားပေါ့။ တစ်နေ့ကမိတဲ့ ကျောက်စိမ်းတွေ liveလွှင့်လိမ်ရောင်းပြီး ငွေလွှဲရင် ဘလော့တာက အွန်လိုင်းလိမ်လည်ပေါ့။ အွန်လိုင်းကနေ နည်းအမျိုးမျိုးနဲ့လိမ်လည်လုပ်ကိုင်နေတာမို့ အီလက်ထရောနစ်ဥပဒေနဲ့အမှုဖွင့်အရေးယူရပါတယ်။ ဒီလို အွန်လိုင်းလိမ်လည်၊ အွန်လိုင်းလောင်းကစားမှုတွေဟာ နည်းပညာတွေလည်း ပါလာတာကြောင့် အသေးစိတ် ထပ်မံစစ်ဆေးဆောင်ရွက်နိုင်ဖို့ CID( မှုခင်းရဲတပ်ဖွဲ့)ကပဲ အမှုတွေအကုန်လက်လွှဲယူပါတယ်" ဟု ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
ဖမ်းဆီးရမိသူများကို အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့တွင် နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ စက်တင်ဘာ ၂ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
Website Link - - - >>> https://news-eleven.com/article/314936
#အွန်လိုင်းလောင်းကစားပြုလုပ်သူများ #မန္တလေးမြို့ #elevennews #CID
■