Eleven Media Group

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်ရှိ လမ်း၊ တံထားများကို ပြန်လည်ပြုပြင်

တပ်မတော်စစ်ကြောင်းများက ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်အား တပ်မတော်စစ်ကြောင်းများက ၂၀၂၆ ခုနှစ် မေ ၅ ရက်မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်း ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ မေလ ၈ ရက်နေ့တွင် ကျောက်ကွင်းလေးကျေးရွာအားလည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာတို့အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နေကကျေးရွာအား လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ရေပူကျေးရွာအားလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် မိုင် (၄၀) ကျေးရွာအားလည်းကောင်း၊ မေလ ၃၁ ရက်နေ့တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကတိုင်တိကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ဘောကြို့လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ရှမ်းရွာကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် တောင်သူစုကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖာလုံလေးကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဖာလုံကြီးကျေးရွာအားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်စ္စည်းများ၊ FPV Drone ၂၄ စီး၊ မိုင်းမျိုးစုံ ၂၄၃ လုံး၊ လမ်းလျှောက်စကားပြောစက်များ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး တစ်ဖက်တွင်လည်း အကြမ်းဖက်ပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် တံတားများအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ရာ ရေပူတံတားအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင်လည်းကောင်း၊ မိုင် ၄၀ တံတားအား ဇွန်လ ၂၄ ရက်တွင်လည်းကောင်း၊ ကညင်ဒုံတံတားအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ အဆိုပါလမ်း၊ တံတားများပေါ်တွင် ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကမမောင်း-ဖာပွန် လမ်းကြောင်းရှိ ကျန်ရှိနေသည့် ဖာလုံကြီး-ဖာပွန်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation)ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group