Eleven Media Group

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် လိုက်ထရပ် ယာဉ်ပေါ် သစ်ပင်လဲကျပြီး ကား အတွင်းရှိ အမျိုးသားတစ်ဦး အောက်ပိုင်းထိခိုက်ဒဏ်ရာ ရရှိ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် လိုက်ထရပ် ယာဉ်ပေါ်သစ်ပင်လဲကျပြီး ကား အတွင်းရှိ အမျိုးသားတစ်ဦး ပိတ်မိကာ ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှု စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ဦးဇာနည်အောင် သည် Light truck အဖြူရောင်ယာဉ်အား ရပ်နားထားစဉ် လုံးပတ် ၉ ပေပတ်လည်၊ အမြင့် ၄၀ ပေခန့်ရှိ ကုက္ကိုပင်သည် အမြစ်မှကျွံ၍ ယာဉ် အမိုးပေါ်သို့ ကျခဲ့ကြောင်း သိရသည်။

ထိုသို့ သစ်ပင်ပိကျမှုကြောင့် ယာဉ်မောင်း ဦးဇာနည်အောင်၏ ညာဘက်ခြေသလုံးရိုးကြိုး၊ လက်ဝဲဘက်ပေါင်ကျိုး၊ ခါး ညိုမဲဒဏ်ရာတို့ဖြင့် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ တိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များ အပါအဝင် လူမှုကယ်ဆယ်ရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ခြင်း၊ ကားအတွင်းပိတ်မိနေသူယာဉ်မောင်း ကို ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သော ဆေးဝါးကုသမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်နေ့ညကလည်း မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကုက္ကိုင်ပင် လဲကျသွားခဲ့ကြောင်း ၊ အပင် သက်တမ်းမှာကြာနေခြင်းနှင့် အမြစ်အားနည်းပြီး အပင်ကြီးကာ အမြစ်လန်ပြီး လဲကျသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မူရင်းသတင်း — Eleven Media Group