
ရေများ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချို့ ပြန်လည်ဖွင့်လှစ်နေပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ကျောင်းသန့်ရှင်းရေးများ လုပ်ဆောင်နေ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ် ရေလျှံမှုဖြစ်ပွားခဲ့ကာ ကျိုက်မရောမြို့ အပါအဝင် မြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများ၌ ပြီးခဲ့သည့် ဩဂုတ်လတစ်လလုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ထို့သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက်ကြောင့် ကျိုက်မရာမြို့နယ်အတွင်း အခြေခံပညစာသင်ကျောင်းပေါင်း (၃၅) ကျောင်းကိုလည်း ယာယီပိတ်ထားရသည့်အပြင် ကျေးလက်ကျန်းမာရေးဌာန (၇) ခုကိုလည်း ယာယီပိတ်ထားခဲ့ရသည်။
ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၁) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၁၉) ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ ယခု စက်တက်ဘာလဆန်းတွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သည့်အတွက် ကျိုက်မရောမြို့နယ် ကျိုက်ပရံကျေးရွာအုပ်စု၊ ကော့ပြည့်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (ကော့ပြည့်)၊ ကော့ပနောကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (ကော့ဒွန်း) ကျောင်းများအား စက်တင်ဘာ ၄ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “အဲ့ဒီအပြင်ကို ကဒါကျေးရွာအုပ်စုမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်း (ကဒါရွာမ) ၊ ခရုံကျေးရွာအုပ်စုမှာရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်း (ခရုံ) ၊ တရနာကျေးရွာအုပ်စုမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်း (တရနာအနောက်)နဲ့ ရှင်စောပုရပ်ကွက်မှာရှိတဲ့ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း နဲ့ မူလွန် (၁) ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ (၇) ရက်နေ့က စပြီးပြန်လည်ဖွင့်လှစ်နေပြီးလို့သိရပါတယ်” ဟု ပြောကြားသည်။
ထို့အတူ ရေကြီးရေလျှံမှုဖြစ်ပွားနေချိန် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများတွင်၊ ရေများ ပြန်လည်ကျဆင်းသွားပြီးနောက် ကျောင်းစာသင်ခန်းများအတွင်း ကျန်ရှိနေခဲ့သည့် ရွှံ့များ၊ နွံများအား မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများပူးပေါင်းကာ သန့်ရှင်းများလုပ်ဆောင်နေကြကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အတူ ကျိုက်မရောမြို့နယ်အတွင်း အတ္ထရံမြစ်ရေများ ပြန်လည်ကျဆင်းသွားသည့်အတွက်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားစဉ်က ယာယီပိတ်ထားခဲ့ရသည့် လှကဇိုင်းကျေးရွာအုပ်စုရှိ လှကဇိုင်းကျေးလက်ကျန်းမာရေးဌာန၊ အတ္ထရံကျေးရွာအုပ်စုရှိ ပေါလောကျေးလက်ကျန်းမာရေးဌာနနှင့် ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့အား စက်တင်ဘာ ၇ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန (၄) ခုကိုလည်း သန့်ရှင်းရေးများလုပ်ဆောင်ပြီးပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေကြောင့် အတ္ထရံမြစ် ရေလျှံမှုဖြစ်ပေါ်နေပြီး မြစ်ကမ်းဘေးတလျှောက်ရှိ ကျိုက်မရောမြို့ပေါ်ရပ်ကွက် (၂) ခု အပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၅) ခုမှ အိမ်ခြေပေါင်း (၆၆၀၀) ကျော် ရေဝင်ရောက်မှုရှိခဲ့ပြီး အိမ်ထောင်စုပေါင်း (၆၆၉၇) စုမှ လူဦးရေ (၃၂၀၀၀) ကျော်ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
Photo Credit – ဦးတင်သောင်းဦး