Myanmar National Post

အိန္ဒိယက ဒေါ်လာ သန်း ၇၀၀၀ ကျော်တန် ဒေတာစင်တာကြီး တစ်ခုကို တည်ဆောက်တော့မယ်



စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) 

အိန္ဒိယ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီ တာတာ အကြံပေးဝန်ဆောင်မှု (TCS) ဟာ ရိုးရာ နည်းပညာဝန်ဆောင်မှု  မော်ဒယ်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာ အရှိန်အဟုန်ပြင်းနေတဲ့ အေအိုင် ဝယ်လိုအား အခွင့်အလမ်းတွေကို အသုံးချပြီး ဒေါ်လာ ၇.၄ ဘီလီယံတန် ဒေတာစင်တာ စက်ရုံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

၁ ဂစ်ဂါဝပ် (1-GW) ပမာဏရှိမယ့် ဒီဒေတာစင်တာကြီးဟာ အေအိုင် ကုမ္ပဏီတွေနဲ့ ကလောက်ဒ် ဝန်ဆောင်မှု ပေးသူတွေအတွက် အေအိုင် လေ့ကျင့်ပေးခြင်း၊ အတွေးအခေါ်ပုံဖော်ခြင်းနဲ့ အခြား အဆင့်မြင့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ထောက်ပံ့ပေးသွားမယ်လို့ TCS က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ အကြီးမားဆုံးထဲက တစ်ခု ဖြစ်လာမယ့် ဒီဒေတာစင်တာ စက်ရုံကြီးကို TCS ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဟိုက်ပါဗို့ က တောင်ပိုင်းမြို့တော် ဟိုက်ဒရာဘတ် မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို ဝယ်ယူသူတွေရဲ့ ဝယ်လိုအားနဲ့ နည်းပညာ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အဆင့်လိုက် လုပ်ဆောင်သွားမယ်လို့ မွန်ဘိုင်းအခြေစိုက် ဒီကုမ္ပဏီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TCS ရဲ့ CEO ဖြစ်သူ ကရီသီဗာဆန် ကတော့ ဒီစီမံကိန်းဟာ ကုမ္ပဏီရဲ့ "အခြေခံအဆောက်အအုံမှသည် ဉာဏ်ရည်တုဆီသို့"  ဆိုတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"အေအိုင် ရဲ့ ဝယ်လိုအားဟာ အခြေခံအဆောက်အအုံဆိုင်ရာ ဝယ်လိုအားဘက်ကို ပိုမိုဦးတည်လာနေတာ ဖြစ်ပါတယ်" လို့ CUTS  သုတေသနအဖွဲ့မှ နည်းပညာလေ့လာဆန်းစစ်သူ ဘာနီဂျီး  က ပြောကြားခဲ့ပါတယ်။ TCS ရဲ့ အခုလို လုပ်ဆောင်မှုကို နည်းပညာကုမ္ပဏီအချို့က "အေအိုင် စနစ်ရဲ့ အောက်ခြေအခြေခံအဆောက်အအုံ ပိုင်းအထိ တိုက်ရိုက် တိုးချဲ့လုပ်ဆောင်လာခြင်း" အဖြစ် ရှုမြင်ရမယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ဘီလီယံ ၃၀ နီးပါး ရရှိခဲ့တယ်လို့ အစီရင်ခံထားတဲ့ TCS ဟာ မော်တော်ယာဉ် လုပ်ငန်းအကူးအပြောင်းမှာ အေအိုင် ဦးဆောင်တဲ့ အပြောင်းအလဲတွေ ကို စီးနင်းနိုင်ဖို့အတွက် ဂျာမနီ ဇိမ်ခံကားထုတ်လုပ်သူ ပေါ်ရှေးနဲ့ ပြီးခဲ့တဲ့လက ဒေါ်လာ ၁.၅ ဘီလီယံတန် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလို ဒေတာစင်တာ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ပေးခဲ့ပြီး လုပ်အားအပေါ် အလွန်မှီခိုကာ အလုပ်ချိန်နာရီအပေါ် အခြေခံတောင်းခံတဲ့ အိန္ဒိယရဲ့ အိုင်တီ ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေကို အေအိုင် က အရှိန်အဟုန်နဲ့ ပြန်လည်ပုံဖော်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အိုင်တီ နဲ့ စီးပွားရေး လုပ်ငန်းစဉ် စီမံခန့်ခွဲမှု (BPM) လုပ်ငန်းစုတစ်ခုလုံးရဲ့ ဝင်ငွေတန်ဖိုးဟာ လက်ရှိမှာ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ရှိပါတယ်။


REF: RT

#Myanmar #News

မူရင်းသတင်း — Myanmar National Post