Myanmar National Post

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevich၊ အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr. Sergei ALEINK ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။ 

ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post