Eleven Media Group

တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

မူရင်းသတင်း — Eleven Media Group