
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး အလွန်နာမည်ကြီး အောင်မြင်ခဲ့သည့် ကိုရီးယား ဒရာမာ Descendants Of The Sun ကို အင်ဒိုနီးရှားနိုင်ငံတွင် ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားပြီး ၂၀၂၇ ခုနှစ်တွင် ရုံတင်ပြသရန် စီစဉ်ထားသည်။
အင်ဒိုနီးရှားဗားရှင်းတွင် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် အသက် ၄၄ နှစ်အရွယ်မင်းသမီး ဒီယန် ဆက်စထရိုဝါဒိုယို နှင့် အသက် ၃၉ နှစ်အရွယ် မင်းသား ရေဇာ ရာဟာဒီယန်တို့ ပါဝင်သရုပ်ဆောင်ထားသည်။
လက်ရှိတွင် ဇာတ်ကားအမည်ကို Descendants of the Sun Indonesia ဟု ယာယီအမည်ပေးထားပြီး ရိုက်ကူးပြီးစီးပြီဖြစ်ကာ နောက်ဆုံးအဆင့် ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။
အင်ဒိုနီးရှားပရိသတ်များနှင့် ကိုက်ညီစေရန် မူရင်းဇာတ်လမ်းကို ပြန်လည်ဖန်တီးထားသော်လည်း ဇာတ်လမ်း၏ အဓိကအကြောင်းအရာများဖြစ်သည့် အချစ်၊ ကိုယ်ကျိုးစွန့်မှု၊ အသက်မွေးဝမ်းကျောင်းတာဝန်နှင့် ရှင်သန်ရေးတို့ကို နဂိုအတိုင်း ထည့်ရိုက်ကူးထားသည်။ ဒါရိုက်တာက Miracle in Cell No. 7 ၏ အင်ဒိုနီးရှားဗားရှင်းကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဟာနွန် ဘရာမန်တီယို ဖြစ်သည်။
Miracle in Cell No. 7 သည် ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သည့် အမည်တူကိုရီးယားရုပ်ရှင်ကို အခြေခံကာ အင်ဒိုနီးရှားဗားရှင်းအဖြစ် ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များထဲမှတစ်ကား ဖြစ်ခဲ့သည်။
Descendants of the Sun Indonesia ကို ၂၀၂၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ပြသမည့်အပြင် တောင်ကိုရီးယားတွင်လည်း ပြသသွားမည်ဖြစ်သည်။
Ref: CNA
Photo: Times Now