Eleven Media Group

■ အကျင့်ပျက်မှု စွပ်စွဲချက်များကြောင့် ဟာစီနာ၏သမီး WHO ဒေသဆိုင်ရာ အကြီးအကဲအဖြစ်မှ နုတ်ထွက်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏သမီးလည်းဖြစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲလည်းဖြစ်သည့် ဆိုင်မာဝါဇက်သည် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ရင်ဆိုင်ခဲ့ရပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။

၂၀၂၄ ခုနှစ်အစောပိုင်းတွင် WHO ၏ အရှေ့တောင်အာရှ ညွှန်ကြားရေးမှူးအဖြစ် ငါးနှစ်တာဝန်ထမ်းဆောင်ရန် ဆိုင်မာဝါဇက်က တာဝန်ယူခဲ့​ပြီး ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် WHO က ၎င်းကို လစာမဲ့ခွင့် ပေးခဲ့သည်။

WHO က ဝါဇက်အနေဖြင့် တရုတ်နိုင်ငံသို့ ခရီးသွားရောက်ခဲ့စဉ်က ငွေ​ကြေးမသမာမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားပြီး ၎င်း၏ ပညာအရည်အချင်းများကိုလည်း မှားယွင်းဖော်ပြခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေကွက်တစ်ကွက် တရားမဝင် ရယူထားသည်ဟုလည်း WHO က စွပ်စွဲခဲ့သည်။ သို့သော် ဝါဇက်က ၄င်းမြေကွက်ကို WHO တွင် အလုပ်မလုပ်မီကတည်းက ရရှိထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိတ်မူဂျီဘာ ရာမန်၏ မိသားစုဝင်များအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ယင်းမြေကွက်ကို ရပိုင်ခွင့်ရှိသည်ဟု တုံ့ပြန်ခဲ့သည်။

WHO ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ခဲ့သည့် နုတ်ထွက်စာတွင် ဝါဇက်က ဒေသတွင်းနိုင်ငံများကို အကျိုးပြုရန်ရည်ရွယ်၍ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးရာထူးအတွက် ရွေးချယ်ခံခဲ့ရပြီး မိမိကလည်း ထိုတာဝန်ကို ရိုးသားစွာ ထမ်းဆောင်ခဲ့ကြောင်း၊ သို့သော် တာဝန်ဆက်လက်ထမ်းဆောင်ရန် တားဆီးခံနေရသဖြင့် WHO ၏ခေါင်းဆောင်မှုအပေါ် ယုံကြည်မှုမရှိတော့ပြီဖြစ်ကြောင်း၊ တစ်နှစ်နီးပါး လစာမဲ့ခွင့်ကြောင့် မိမိ၏ ဘဏ္ဍာရေးအခြေအနေမှာ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ယင်းအ​ခြေအနေများကြောင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း တင်ပြထားသည်။

မူရင်းသတင်း — Eleven Media Group