
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဈေးကြိုအဝိုင်းတွင် မော်တော်ယာဉ်တစ်စီးမှ အခြားမော်တော်ယာဉ်များအား လိုက်လံတိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
စက်တင်ဘာလ (၉) ရက်၊ ည (၇) နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ မြိုင်သာယာ လမ်းဆုံဘက်မှ ဈေးကြိုအဝိုင်းဘက်သို့ စိုးဇေယျာအောင် ဆိုသူမောင်းနှင်လာသည့် (BGO – 11) 7R/9958 နံပါတ်တပ်ဆင်ထားသည့် CHEVROLET MALIBU (အဖြူရောင်) ယာဉ်မှ ဈေးကြိုအဝိုင်းအနီးရှိ “လရောင်ဝင်း” စတိုးဆိုင်ရှေ့ လမ်းဘေးတွင်ရပ်တန့်ထားသည့် (MON – 4) 6K/---- HONDA FIT ဝင်ရောက်တိုက်မိခဲ့ပြီး အရှိန်ဖြင့်ဆက်လက်မောင်းနှင်ထွက်ပြေးရာ မျက်နှာချင်းဆိုင်ရင်ကြောအတိုင်း ဈေးကြိုအဝိုင်းမှ ဖက်ခင်းလမ်းဘက်သို့မောင်းနှင်လာသည့် (NPW – 7) 1T/--- BZ4X EV ယာဉ် (အဖြူရောင်) ယာဉ်အား ဆက်လက်ဝင်တိုက်ခဲ့သည်။
ထို CHEVROLET MALIBU အမျိုးအစားမော်တော်ယာဉ်မှာ မြိုင်သာယာလမ်းဆုံဘက်မှ ဈေးကြိုအဝိုင်းဘက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာပြီး တစ်ဖက်ယာဉ်ကြောသို့ ‘ဂ’ကွေ့ချိုးကွေ့ကာ မြိုင်သာယာလမ်းဆုံဘက်သို့ ပြန်လည်မောင်းနှင်ကာ “တော်ကူးဘုန်းကြီးကျောင်း” ရှေ့အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ ‘ဂ’ ကွေ့ထပ်မံချို့းကွေ့ပြီး ‘လရောင်ဝင်း’ စတိုးဆိုင်ရှေ့ရှိ HONDA FIT ယာဉ်အားအရှိန်နှင့်ဝင်တိုက်ခဲ့ကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြီးတော့ ကားကို အရှိန်နဲ့ ထပ်မောင်းထွက်ပြီးတော့ တစ်ဖက်ယာဉ်ကျောမှာ မောင်းနှင်နေတဲ့ BZ4X EV ယာဉ်ကို ထပ်တိုက်လိုက်တာပါ။ ယာဉ်တိုက်မှုတွေဖြစ်ပြီး CHEVROLET MALIBU ယာဉ်မောင်းက ထွက်ပြေးဖို့လုပ်လို့ ယာဉ်ပိုင်ရှင်တွေနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။ ယာဉ်မောင်းပုံစံက မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဈေးကြိုအဝိုင်းကိုလည်း ပတ်ပြီးပြေးနေလို့ လိုက်ဖမ်းကြရသေးတယ်” ဟု ပြောကြားသည်။
အခင်းဖြစ်ပွားချိန်တွင် ဈေးကြိုအဝိုင်း၌ ကား၊ ဆိုင်ကယ်များ ယာဉ်အသွားအလာများနေသည့်အချိန်ဖြစ်၍ လူအ များ ကြောက်လန့်တကြားဖြစ်ခဲ့ကြရကြောင်းနှင့် နာရီဝက်ခန့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
ထိုဖြစ်ကြောင့် HONDA FIT ယာဉ်တွင်ဘယ်ဘက်ခြမ်းအရှေ့အနောက်တံခါးများပိန်ချိုင့်ပျက်ဆီးခဲ့ပြီး ၊ BZ4X EV ယာဉ် မှာလည်းဘယ်ဘက်ခြမ်းတံခါးပိန်ချိုင့်ပျက်ဆီးကာ ယာဉ်အတွင်းမှ လေအိတ်များလည်း ပွင့်ထွက်ခဲ့ကြောင်း၊ CHEVROLET MALIBU ယာဉ်မှာလည်း ရှေ့ဘန်ပါများပျက်ဆီးခဲ့ပြီး ကားအတွင်း လေအိတ်များပွင့်ထွက်ခဲ့ကြောင်း နှင့် လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍လူများ၏အသက်အန္တရာယ်ဖြစ်စေသည်အထိ ရည်ရွယ်ချက်ဖြင့် မော်တော်ယာဉ်အား အများသူငှာသွားလာနေသည့်ယာဉ်ကြော၊ လမ်းဆုံ၊ လမ်းခွတွင် လှည့်ပတ်မောင်းနှင်နေသူ မော်လမြိုင်မြို့၊ မြိုင်သာယာတိုးချဲ့ရပ်ကွက်နေ အသက် (၃၃) နှစ်အရွယ် စိုးဇေယျာအောင် (ဘ) ဦးတင့်လွင့် ဆိုသူအား မော်လမြိုင်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၄/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၇၉/၃၀၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Photo Credit – Zin Moe / ရာမညအသံ