ဗီယင်နာ၊ စက်တင်ဘာ ၁၀
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအသောက်နှင့် ယဉ်ကျေးမှုဧည့်ခံဖျော်ဖြေပွဲကို "Tasting the Bay: Heritage & Harmony in Every Bite" ခေါင်းစဉ်ဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် Diplomatic Society Magazine တို့ ပူးပေါင်းလျက် ၉-၉-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး/အဖွဲ့ရုံးက ပါဝင်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ နီပေါနိုင်ငံ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် စာနာဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း၊ မြန်မာသံရုံး/အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်းက အခြားဘင်းမ်စတက် သံရုံး/အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယအကြီးအကဲ Mr. Christoph Meyenburg နှင့် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer တို့က အမှာစကားပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ သံရုံး/အဖွဲ့ရုံးများ မှ ဝန်ထမ်းများနှင့် မိသားစုများက ရိုးရာအက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
#Myanmar #News