မနီလာမြို့၊ စက်တင်ဘာ ၁၀
မနီလာမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင်သည် ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့ရှိ Philippine International Convention Center (PICC) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Senior Officials’ Meeting – ASEAN SOM)နှင့် အာဆီယံအပေါင်း ၃ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (ASEAN Plus Three Senior Officials’ Meeting )များသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးကို ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E. LEO M. HERRERA-LIM က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးများ၊ အရှေ့တောင်အာရှတွင် ချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ် (Treaty of Amity and Cooperation in Southeast Asia – TAC) ဆိုင်ရာ ကိစ္စရပ်များအပါအဝင် အာဆီယံနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံအပေါင်း ၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံအပေါင်း ၃ နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ၂၉ ကြိမ်မြောက် အာဆီယံအပေါင်း၃ ထိပ်သီးအစည်းအဝေး ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ၂၃ ကြိမ်မြောက် အရှေ့ တောင်အာရှဖိုရမ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
#Myanmar #News