Eleven Media Group

မန်ချက်စတာဒါဘီမှာ ဟာလန်းရဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း Pro Ref ထုတ်ပြန်ကြေညာ

Photo: X

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း သွင်းယူခဲ့တဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက် မှားယွင်းကြောင်း Pro Ref က ထုတ်ပြန်ကြေညာခဲ့ပြီး မန်ယူအသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။
Pro Ref ဆိုတာက အင်္ဂလန်နိုင်ငံက ပရော်ဖက်ရှင်နယ်ဘောလုံးပွဲတွေကို ကြီးကြပ်တဲ့ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့အစည်းဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ် ဦးဆောင်နေတာပါ။
မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်ကစားသမား ဖိုဒန် ပွဲချိန်(၂၃)မိနစ်ကတည်းက ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်ယူအသင်းက တစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမဲ့ အနိုင်ဂိုးကို ပွဲချိန်မိနစ်(၆၀)မှာ ဟာလန်းက သွင်းယူသွားခဲ့တာပါ။
ဟာလန်းရဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမဲ့ VAR ဒိုင်အဖွဲ့က လူကျွံဘောမဖြစ်ဘူးလို့ ဆုံးဖြတ်ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနည်းပြ ကာရစ်က ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သလို၊ Pro Ref ကလည်း VAR ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
''မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်က တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် မိနစ်(၆၀)မှာ မတော်တဆမှု ဖြစ်ခဲ့ပြီး အာလင်းဟာလန်းရဲ့ဂိုးကို ခွင့်ပြုခဲ့ခြင်းအတွက် ကျွန်တော်တို့ ရှင်းလင်းချက်ပေးနိုင်ပါတယ်။ ကွင်းအတွင်းဆုံးဖြတ်ချက်က အာလင်းဟာလန်း လူကျွံတယ်လို့ သတ်မှတ်ခဲ့တာပါ။ ဒါကို VAR က လူကျွံအနေအထားမဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတိုက်စစ်ဆင်မှုမှာ အန်ဇိုဖာနန်ဒက်ဇ်က ဘောလုံးမကစားခဲ့တာကြောင့် လူကျွံဘောမဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နေရာယူထားမှုက သက်ရောက်မှုရှိနိုင်တာကို VAR က သတိမပြုမိခဲ့ပါဘူး။ ကွင်းလယ်ဒိုင်ကို ပြန်လည်ကြည့်ရှုသုံးသပ်ဖို့ အကြံပြုခဲ့သင့်ပါတယ်။ ကျွန်တော်တို့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ယူဆတာကြောင့် မန်ယူနိုက်တက်အသင်းကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ပြန်လည်သုံးသပ်သွားမှာပါ'' လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group