
ဒီပို့တီဗိုအသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အူဘာမီယန်းဟာ ဒီနွေရာသီမှာမှ မာဆေးလ်ကနေ ဒီပို့တီဗိုအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြနေတာပါ။
အူဘာမီယန်း(၃၇ နှစ်)က အယ်လ်ချီ၊ မာလာဂါ၊ ဗလင်စီယာ၊ ဗီလာရီးယဲလ်၊ ဂီတာဖေးတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ (၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှု (၂)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
လာလီဂါမှာ ရာသီအဖွင့်(၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးကစားသမားက ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းယူခဲ့တဲ့ အီဘရာဟီမိုဗစ်ဖြစ်ကြောင်း သိရပါတယ်။
အူဘာမီယန်းက လာလီဂါရာသီအဖွင့်(၅)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ဒီပို့တီဗိုကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဒီပို့တီဗိုအသင်းက ရာသီအဖွင့်(၅)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ကစားသမားအများဆုံးပေါ်ထွက်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီရာသီမှာမှ လာလီဂါကို တန်းပြန်တက်လာခဲ့တဲ့ ဒီပို့တီဗိုအသင်းဟာ (၅)ပွဲကစားအပြီးမှာ (၂)ပွဲနိုင်၊ (၃)ပွဲသရေနဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပါတယ်။