Eleven Media Group

အက်သလက်တီကိုကွင်းလယ်ကစားသမား ကိုကီ လာလီဂါပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိလာ

Photo: X

အက်သလက်တီကိုအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ကိုကီဟာ လာလီဂါပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိလာကြောင်း သိရပါတယ်။
ကိုကီ(၃၄ နှစ်)ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး လာလီဂါပွဲပေါင်း (၅၂၄)ပွဲ ရှိသွားခဲ့တာကြောင့် ရီးယဲလ်ကစားသမားဟောင်း မန်နူယဲလ်ဆန်းချိစ်ကို ကျော်ဖြတ်ပြီး ပွဲအများဆုံးကစားသမား (၁၀)ဦးစာရင်းထဲ ရောက်ရှိခဲ့တာပါ။
ကိုကီဟာ အက်သလက်တီကိုအသင်းကို အသက်(၈)နှစ်အရွယ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။
ကိုကီက အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၇၄၆)ပွဲကစားပြီး ဂိုး(၅၀) သွင်းယူပေးထားပါတယ်။
ကိုကီက လာမယ့်ရာသီကုန်အထိ အက်သလက်တီကိုအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ကစားသမားဘဝကို အက်သလက်တီကိုအသင်းမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
လာလီဂါပြိုင်ပွဲရဲ့ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူက ဘီလ်ဘာအို၊ ဘာစီလိုနာနဲ့ ဗလင်စီယာအသင်းတွေမှာ ကစားခဲ့တဲ့ စပိန်ဂိုးသမား ဇူဘီဇာရက်တာ (၆၂၂ ပွဲ)ဖြစ်ပြီး ပွဲအများဆုံး(၁၀)ဦးစာရင်းမှာ ပြည်ပကစားသမားအဖြစ် ပြင်သစ်တိုုက်စစ်မှူး ဂရီးဇ်မန်းတစ်ဦးတည်းသာ စတုတ္ထနေရာမှာ ရပ်တည်ပါဝင်ခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group