
ရုရှား၏ ဒီဇယ်ဆီထုတ်လုပ်ရေး စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်းစကီးကို တောင်းဆိုခဲ့ဖူးသည့် ထရမ့်က ရုရှားနှင့် ယူကရိန်းတို့သည် တစ်ဖက်နှင့်တစ်ဖက် ဒီဇယ်ဆီဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်မထားရန် သဘောတူညီချက်တစ်ရပ်ကို ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း Truth Social လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် လောင်စာဆီဈေးနှုန်း ရုတ်တရက် မြင့်တက်လာမှုသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်မဟုတ်ဘဲ ယူကရိန်းပဋိပက္ခကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
"ယူကရိန်းက ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ သဘောတူညီခဲ့ပါတယ်။ ရုရှားကလည်း အဲဒီအတိုင်းပဲ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်" ဟု ထရမ့်က တနင်္လာနေ့တွင် Truth Social ၌ ရေးသားခဲ့သည်။ "ကမ္ဘာတစ်ဝန်း ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာရတာဟာ အီရန်ကြောင့်မဟုတ်ဘဲ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အဓိက ဖြစ်ရတာပါ။"
ကမ္ဘာတစ်ဝန်း လောင်စာဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့၏ အကြောင်းရင်းအဖြစ် ၎င်းက အပြစ်တင်ပြောဆိုထားသည့် ရုရှား၏ ဒီဇယ်ဆီထုတ်လုပ်ရေး လုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ရပ်တန့်ရန် ဇယ်လန်းစကီးကို တနင်္ဂနွေနေ့က ထရမ့်က တောင်းဆိုခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိယက်ဗ် သို့မဟုတ် မော်စကိုတို့က ဤအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတည်ပြုပြောကြားခြင်း မရှိသေးပါ။ တနင်္လာနေ့ညက ပြုလုပ်ခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ဇယ်လန်းစကီးက ရုရှားဘက်မှ ဦးစွာလုပ်ဆောင်ပါက ယူကရိန်းအနေဖြင့်လည်း "တင်းမာမှု လျှော့ချရေးဆိုင်ရာ မိမိတို့၏ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်" အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
စွမ်းအင်ဆိုင်ရာ နေရာများကို တိုက်ခိုက်မှု ရပ်တန့်ခြင်းသည် ယူကရိန်းကိုသာ အကျိုးပြုလိမ့်မည်ဖြစ်ကြောင်း၊ ယူကရိန်းသည် ရုရှား၏ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် "Pandora’s box" (မကောင်းမှုများစွာကို ဖြစ်ပေါ်စေမည့် အရာ) ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ခရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ဒီဇယ်ဆီ ပျမ်းမျှဈေးနှုန်းသည် ပြီးခဲ့သည့်အပတ်က (တစ်လီတာလျှင် ဒေါ်လာ ၁.၅၉) ကျော်အထိ မြင့်တက်ခဲ့ပြီး ယင်းမှာ လွန်ခဲ့သောတစ်နှစ်က အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။ ဈေးကွက်ကျွမ်းကျင်သူများက ဤသို့ ဈေးနှုန်းရုတ်တရက် မြင့်တက်လာရခြင်းမှာ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနှင့် အမေရိကန်-အီရန်တို့အကြား ပြန်လည်ဖြစ်ပွားလာသော တင်းမာမှုများကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်တက်လာပြိး ထိုနောက်ပိုင်းတွင် တီဟီရန်အစိုးရက ကုန်တင်သင်္ဘောသွားလာမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းနှင့် အမေရိကန်ရေတပ်၏ ပိတ်ဆို့ဖြတ်တောက်မှုတို့ကြောင့် အဆိုပါ အရေးပါသော ရေလမ်းကြောင်းတစ်လျှောက် သွားလာမှုများ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရသည်။
ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ "စွမ်းအင်ဈေးနှုန်း ရုတ်တရက် မြင့်တက်မှု" (energy shock) ကို ဖြစ်ပေါ်စေပြီး ဈေးနှုန်းများ မြင့်တက်လာစေခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ ဤသို့ အနှောင့်အယှက်ဖြစ်ပေါ်မှုသည် အီရန်နှင့်ဖြစ်ပွားနေသော ပဋိပက္ခကြောင့် စွမ်းအင်ဈေးကွက်များအပေါ် ရှိနေပြီးသား ဖိအားများကို ပိုမိုကြီးထွားလာစေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာခြင်းသည် အမေရိကန်စားသုံးသူများအပေါ် ကျယ်ပြန့်သော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။ အကြောင်းမှာ ဒီဇယ်ဆီကို စိုက်ပျိုးရေးလုပ်ငန်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး (အစားအစာနှင့် အခြားကုန်ပစ္စည်းများကို သယ်ဆောင်သည့် ကုန်တင်ကားများနှင့် ရထားများ အပါအဝင်) တို့တွင် အသုံးပြုနေကြသောကြောင့် ဖြစ်သည်။ ခန့်မှန်းချက်များအရ အမေရိကန်နိုင်ငံတွင် အစားအစာ ကုန်ကျစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိမှာ လောင်စာဆီစရိတ် ဖြစ်သည်ဟု ခန့်မှန်းရပါသည်။
Ref - RT
#News #Myanmar