Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သာစည် - ရွှေညောင် - တောင်ကြီးရထားလမ်းပိုင်း ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ စက်တင်ဘာ ၁၅

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့က တောင်ကြီးမီးရထားရိပ်သာ၌ ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် နိုင်ငံ့ဝန်ထမ်းပီသစွာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ဌာနရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းကောင်းမွန်ရေး အမြဲဆောင်ရွက်ရန် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တောင်ကြီးဘူတာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာသန့်ရှင်းသပ်ရပ် ရေးနှင့် ယာဒ်ဝင်းအတွင်းရှိ ကလော - မြင်းဒိုက်၊ ကလော - အောင်ပန်းလမ်းပိုင်း၌ စင်းလုံးငှား ပြေးဆွဲပေးသည့် ရှုခင်းကြည့် RGC ရထား၏ လိုအပ်ချက်များကို ပြန်လည်ပြုပြင်ပေးရန် မှာကြားသည်။

ဆက်လက်၍ အထူးရထားဖြင့် တောင်ကြီးဘူတာမှ ပေါမူဘူတာအထိ လိုက်ပါစီးနင်းပြီး ရထားလမ်း ပိုင်းနှင့် ထီသိမ်အဝိုင်းပတ် ရထားလမ်းတာပေါင်များ ကြံ့ခိုင်ကောင်းမွန်ရေး၊ မြေထိန်းနံရံနှင့် ရေထွက်ပေါက်များ ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ထားမှုကို အသေးစိတ် ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် သာစည်ဘူတာသို့ရောက်ရှိရာ ဘူတာအဝင်ရထားလမ်း ခုံးကျော်တံတားအသစ် တည်ဆောက်မည့်နေရာနှင့် ဘူတာအသစ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

၁၃-၉-၂၀၂၆ရက်နေ့ နံနက်ပိုင်းကလည်း သာစည်မြို့နယ် ယင်းမာပင်ဘူတာမှ အထူးရထားဖြင့် လိုက်ပါစီးနင်း ပြီး ယင်းမာပင် - ကလော ရထားလမ်းပိုင်းကိုလည်းကောင်း၊ လယ်ပြင်နှင့်ပထမလွန်းထိုးဘူတာအကြား မိုင်တိုင်အမှတ် (၃၄၆/ဝ) ရှိ ရွှေမင်းဘုန်းတံတားကိုလည်းကောင်း၊ ပထမလွန်းထိုးဘူတာနှင့် ခွေးရုပ်ဘူတာတို့ကိုလည်းကောင်း၊ ဆင်တောင်နှင့် မြင်းဒိုက်ဘူတာအကြား မိုင်တိုင် (၃၅၉/၁၆-၂၀) ရှိ အရှည်ပေ ၈၃၀ ရှိသော ကမ်းပါးနီလိုဏ်ဂူကိုလည်းကောင်း၊ ကလောဘူတာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post