Myanmar National Post

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၁၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့ နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ သံတမန် ဆက်သွယ်မှုရှိခဲ့ပြီး အစဉ်အလာကောင်းမွန်ကာ ချစ်ကြည်ရင်းနှီးမှု ခိုင်မာခဲ့သော မိတ်ဆွေနိုင်ငံများလည်းဖြစ်ကြ ပါကြောင်း၊ ထို့အပြင် မိမိတို့ နှစ်နိုင်ငံသည် ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် အပြင် ပြည်သူအချင်းချင်းလည်း ရင်းနှီး ကျွမ်းဝင်မှု ရှိခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ်၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များ ပေါ်ပေါက်လာပါကြောင်း၊ မိမိတို့နိုင်ငံ၏ လွှတ်တော်စနစ်သည် ဂျပန်နိုင်ငံလွှတ်တော်စနစ်ကဲ့သို့ပင် လွှတ်တော်နှစ်ရပ်ရှိပါ ကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့များဖွဲ့စည်း၍ အခြားနိုင်ငံများနှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဂျပန်အောက်လွှတ်တော်နှင့်လည်း ချစ်ကြည် ရင်းနှီးစွာဆက်ဆံနိုင်ရေးအတွက် မိမိတို့လွှတ်တော်တွင် မြန်မာ-ဂျပန်လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အဆွေတော်ယခုကဲ့သို့ လာရောက်ခြင်းသည် မိမိတို့လွှတ်တော်နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်ရန်အတွက် ပထမခြေလှမ်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လွှတ်တော်ကဏ္ဍမှစတင် ဆောင်ရွက်၍ရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်း ဆက်ဆံရေး၊ လူငယ်၊ အမျိုးသမီးနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် ကာလကြာရှည်စွာ ဆက်ဆံရေးကောင်း မွန်သည့်မိမိတို့နှစ်နိုင်ငံအတွက် ဆက်ဆံရေးပြန်လည်တိုးမြှင့်ရန် ဆောင်ရွက်မှုများသည်အခက် အခဲရှိလိမ့်မည်မဟုတ်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က မိမိတို့နှစ်နိုင်ငံ

လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အခါတွင် အေးချမ်းသာယာသော အခြေ အနေများကို တွေ့မြင်ရပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်း များနှင့် ကွာခြားလျက်ရှိပါ ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်နိုင်ရေး အဓိက ကျသည့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာနိုင်ငံ၏ သာယာလှပသော သဘာဝနှင့်ယဉ်ကျေးမှုများ လေ့လာနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းများကိုလည်း ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ လုပ်သားဦးရေ တစ်သိန်းကျော်ရှိပြီး ကြိုးစားအားထုတ်မှုနှင့် ကောင်းမွန်သော အပြုအမူများကြောင့် နာမည်ကောင်းများ ရရှိထားပါကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့်လည်း Specified Skilled Worker (SSW) ကျွမ်းကျင်သည့်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိယခုလာရောက်သည့် ခရီးစဉ်ရည်ရွယ်ချက်မှာလည်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှု ပြန်လည် ခိုင်မာလာစေရေးတို့အတွက် လာရောက်ခြင်းဖြစ်ပါကြောင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post