Myanmar National Post

ယီမင်မှာ ဟူသီတွေရဲ့ထိုးစစ်ကြောင့် အစိုးရပိုင်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရ


စက်တင်ဘာ - ၁၅ 

ယီမင်နိုင်ငံက ဟူသီ လက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရတပ်တွေကို ပြန်လည် ထိုးစစ်ဆင်လိုက်ပြီးနောက် ပိုင်မှာ  တအိဇ် နဲ့ မာရစ်ဘ် မြို့တွေဘက်ကို တိုးတက် စီးနင်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ အန်ဆာရတ်လာ လှုပ်ရှားမှုအဖွဲ့လို့ တရားဝင် သိကြတဲ့ ဒီဟူသီအဖွဲ့ဟာ ယီမင်နိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် နယ်မြေအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့တာပါ။ သူတို့ဟာ ပင်လယ်နီရဲ့ မဟာဗျူဟာကျတဲ့ မိုခါ နဲ့ ဒဟူဘက် ဆိပ်ကမ်းတွေအပြင် အလွန်ကျဉ်းမြောင်းလှတဲ့ ဘတ်ဘ်အယ်လ်မန်းဒက်ဘ် ရေလက်ကြား အဝမှာရှိတဲ့ မေယွန် ကျွန်းကိုပါ ထိန်းချုပ်လိုက်နိုင်ပါတယ်။

စနေ၊ တနင်္ဂနွေ အတွင်းမှာလည်း ဟူသီအဖွဲ့ဟာ တအိဇ်မြို့ထဲကို နောက်ထပ် တိုးတက် စီးနင်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ တအိဇ်မြို့ဟာ အခုဆိုရင် ဟူသီတွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းထဲမှာ ဝိုင်းရံပိတ်မိလုနီးပါး ဖြစ်သွားခဲ့ရတာပါ။ ဟူသီအဖွဲ့ရဲ့ ပြောကြားချက်အရ မြို့ရဲ့ အနောက်တောင်ဘက်က ကျေးရွာ အတော်များများကိုရော အရေးပါတဲ့ တောင်ကုန်းတွေကိုပါ သိမ်းပိုက်လိုက်နိုင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် အဲ့ဒီမြို့ဟာ အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ ကျန်နယ်မြေတွေနဲ့ အဝေးမဟာဗျူဟာ လမ်းမကြီး တစ်ခုတည်းနဲ့ပဲ ဆက်သွယ်တော့တဲ့ အခြေအနေ ရောက်သွားခဲ့ရပါတယ်။

ဒါ့အပြင် ဟူသီအဖွဲ့ဟာ မြို့တော် ဆန်နား ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၂၀ လောက်အကွာမှာရှိတဲ့ သူတို့ ထိန်းချုပ်ထားတဲ့ မာရစ်ဘ်  မြို့အနီးမှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။ ဟူသီဘက်တော်သား မီဒီယာတွေရဲ့ ဖော်ပြချက်အရ အစိုးရတပ်အချို့ဟာ မြို့ထဲကနေ ဆုတ်ခွာနေကြရပြီး ဟူသီလက်နက်ကိုင်တွေကတော့ မြို့ရဲ့ အနောက်ဘက်စွန်း နယ်မြေတွေကို ပိုမို သိမ်းပိုက်ရရှိလာနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဆော်ဒီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အလွန်အမင်း တိုးမြှင့်လုပ်ဆောင် လာခဲ့ပြီး၊ စနေ၊ တနင်္ဂနွေအတွင်းမှာတင် ဟူသီတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေပေါ်ကို လေကြောင်းတိုက်ခိုက် မှု အကြိမ် ၁၀၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယီမင်အစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုတွေကို 'မိုခါ  ဒေသအတွင်းရှိ ဟူသီစစ်ကားတွေနဲ့ လက်နက်ကိုင်တွေကို တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်' လို့ ပြောကြားခဲ့ပါတယ်။

အန်ဆာရတ်လာ ဟူသီအဖွဲ့ဟာ အနောက်ဘက်ကမ်းရိုးတန်းမှာ သူတို့ ရရှိခဲ့တဲ့ အောင်ပွဲတွေနဲ့ ပတ်သက်ပြီး မိနစ် ၄၀ စာ မှတ်တမ်းဗီဒီယိုတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ တောင်တန်းတွေပေါ်က ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ ဆုတ်ခွာနေတဲ့ ရန်သူ့တပ်တွေကို ချုံခိုတိုက်ခိုက်မှုတွေနဲ့ သူတို့ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်လက်နက် ပစ္စည်းအမြောက်အမြားကို ပြသထားပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ လက်နက်ဆုလာဘ်တွေထဲမှာ သံချပ်ကာနဲ့ သာမန်စစ်ကားမျိုးစုံ၊ စက်လက်နက်ခဲယမ်းတွေ၊ ဒရုန်းတွေနဲ့ အမေရိကန်လုပ် အမြောက်စနစ်ထောက်လှမ်းရေး ရေဒါ  တစ်ခုတို့ ပါဝင်တာကို တွေ့ရပါတယ်။ 

အခုလို တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေက ဒေသခံပြည်သူ ၈၂,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်း (IOM) က တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည် အချို့ဟာ ဘတ်ဘ်အယ်လ်မန်းဒက်ဘ် ရေလက်ကြားကို အန္တရာယ်ကြားက စွန့်စားဖြတ်သန်းပြီး ဂျီဘူတီ နိုင်ငံဘက်အထိ ထွက်ပြေး ရောက်ရှိနေကြရပါတယ်။ 


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post