
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန်- နေပြည်တော်လမ်းပိုင်း) ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အပိုင်းလိုက်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်နေရာများတွင် စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်(AC) ခင်းကျင်းနေမှု၊ မိုင်တိုင်အမှတ်(၁၆၅/၁)ရှိ ဆွာချောင်းတံတား အသွားလမ်းနေရာတွင် အရှည်ပေ ၉၀၀ တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေသည့် လုပ်ငန်းခွင်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယမန်နေ့က ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တံတား၊ လမ်း၊ အဆောက်အဦ ဦးစီးဌာနများ၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၌ တံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် တည်ဆောက်ရေးသုံးပစ္စည်းများ ဓာတ်ခွဲစမ်းသပ်နေမှုနှင့် ဘိုးပိုင်များ ဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုစစ်ဆေးသည့် ကိရိယာများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ လမ်းဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရှိ လမ်းတည် ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုသည့် မြေသားဓာတ်ခွဲစမ်းသပ် ခြင်း၊ မြေသားအရည်အသွေးအရ လမ်းဒီဇိုင်းပုံစံများ တွက်ချက်ရေးဆွဲထုတ်ပေးခြင်း၊ ကတ္တရာအရည်အသွေးစစ်ဆေးခြင်း၊ လမ်း တည်ဆောက်ရေးသုံးပစ္စည်းများ အရည်အသွေးစစ်ဆေးခြင်း၊ လမ်းလုပ်ငန်းအရည်အသွေး ပြည့်မီကောင်းမွန်စေရေး စစ်ဆေးသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုလည်းကောင်း၊ အဆောက်အဦ ဦးစီးဌာန၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရှိ သံချောင်းများ အရည် အသွေးစစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများရှိ ဓာတ်ခွဲခန်းများသည် နိုင်ငံတစ်ဝန်းတည်ဆောက်ရေးလုပ်ငန်းများအတွက် များစွာအရေးကြီးကြောင်း၊ တည်ဆောက် ရေးပစ္စည်းများ အရည်အသွေးပြည့်မီရေးအတွက် ဓာတ်ခွဲခန်းများသည် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ISO အသိအမှတ်ပြုလက်မှတ် ရရှိထားသောဌာနဖြစ်၍ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သောကုမ္ပဏီများမှ အသုံးပြုမည့် တည်ဆောက်ရေးသုံးပစ္စည်း များ အရည်အသွေးစစ်ဆေးပေးရန်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျထိန်းသိမ်း အသုံးပြုရန်နှင့် လုပ်ငန်းခွင်အရည်အသွေးထိန်းသိမ်းရေးအတွက် အကျိုးရှိရှိအသုံးပြုရန် မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar