
မဟာမုနိဘုရားကြီးတွင် နတ်ကနားပွဲကျင်းပခြင်းမရှိခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက် ရှိသည့် ရုပ်သံဖိုင်မှာ AI နည်းပညာဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က စက်တင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော မဟာမုနိဘုရားကြီးရှေ့တွင် သာသနာတော်နှင့်မအပ်စပ် သည့် ကပြဖျော်ဖြေနေသော ရုပ်သံများနှင့်ပတ်သက်၍ မဟာမုနိဂေါပကအဖွဲ့က ထိုသို့ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက TikTok အကောင့်တစ်ခုတွင် မဟာမုနိဘုရားကြီးအားနောက်ခံပြု၍ AI နည်းပညာဖြင့် ပြုလုပ်ကာ သာသနာတော်နှင့်မအပ်စပ်သည်များ ဖော်ပြထားသည်ဟု မဟာမုနိဂေါပကအဖွဲ့က အသိပေးခဲ့ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က ထုတ်ပြန်သည်။
ဆက်လက်ပြီး မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသော ဘုရားပရိဝုဏ်နှင့် စေတီပုထိုး၊ ကျောင်းဇရပ်များအတွင်း သာသနာတော်နှင့်မအပ်စပ်သည့် နတ်ကနားပွဲများ မကျင်းပရန် ကြေညာထားကာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမှ ခွင့်ပြုခဲ့ခြင်းလည်းမရှိဟု အသိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မဟာမုနိဘုရားကြီးအား နေ့စဉ် ဖူးမြော်ကြည်ညိုနိုင်စေရန် http://www.youtube.com, Mahamuni Pagoda Youtube Channel မှ ၂၄ နာရီ ထုတ်လွှင့်လျက်ရှိသည်ဟုလည်း အသိပေးကြေညာထားကြောင်း ထုတ်ပြန် ချက်အရ သိရသည်။