


ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များက NLD အမည်ဖြင့် ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၅ ) ရက်နေ့တွင် ထုတ်ပြန်ချက် ထပ်မံထုတ်ပြန်ထားရာ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦး က "NLD ဆိုတိုင်း လိုက်ပြီး သံယောင်လိုက်မနေကြနဲ့။ NLD ဖျက်လို့ တိုင်းပြည် ပျက်ခဲ့ပြီးပြီ။ တစ်ခါသေဖူး ပျဉ်းဖိုးနားလည်ကြပေါ့ဗျာ" ဟု သုံးသပ်ပြောဆိုသည်။
ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ဦးဆောင်ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ပေးပို့သည့် သဝဏ်လွှာ ဟု ခေါင်းစဉ်တပ်ထားပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက လေးစားဂုဏ်ပြုစွာဖြင့် သဝဏ်လွှာပေးပို့အပ် ပါကြောင်း၊ ဒီမိုကရေစီသည် ပြည်သူများ၏ဆန္ဒ၊ အသံနှင့် ရွေးချယ်မှုကို အခြေခံသည့် နိုင်ငံရေးစနစ်ဖြစ်ပြီး လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုတို့သည် ၎င်း၏အခြေခံတန်ဖိုးများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်တွင် ပြည်သူများသည် ဆယ်စုနှစ်များစွာ အခက်အခဲများနှင့် အနစ်နာခံမှုများကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရကြောင်း၊ ထိုခရီးစဉ်တစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ လူထု၏ဆန္ဒကို အခြေခံကာ ဒီမိုကရေစီအပေါ် ယုံကြည်ချက်ဖြင့် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် တစိုက်မတ်မတ် ရပ်တည်ကြိုးပမ်းခဲ့သူ ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမျှော်မှန်းချက်သည် ပြည်သူ့လူထု၏ဆန္ဒကို လေးစားသည့် ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အခြေခံ၍ ပြည်ထောင် စုကြီး ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအထိ ရည်မှန်းထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာများကို အင်အားသုံး ဖြေရှင်းခြင်းထက် တွေ့ဆုံဆွေးနွေးမှု နှင့် ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အလေးထားခဲ့ခြင်းသည်လည်း ထိုမျှော်မှန်းချက်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။
ပြည်ပြေး ဝရမ်းပြေးများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏လွတ်လပ်သောဆန္ဒနှင့် ရွေးချယ်မှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို ပြန်လည်တည်ဆောက်ရာတွင် လျစ်လျူရှု၍မရသည့် အခြေခံ လိုအပ်ချက်တစ်ရပ် ဟု ဖော်ပြထားပြီး NLD ပါတီက မဲမဲခိုးမှု လုပ်ခဲ့သည်များကို ဖုံးကွယ်ထားဆဲဖြစ်သည်။
လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ပြည်သူများအပေါ် အကြမ်းဖက်မှုများ လျော့ကျစေရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများအပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ဖော်ပြထားသည်။
ပြည်ပြေး ဝရမ်းပြေးများ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက "သူတို့တွေက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဆိုတာကို ပြောရင် သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေကိုလည်း မကွယ်မဝှက် ပြည်သူလူထုကို ချပြပြီး တောင်းပန်ဖို့လိုတာပေါ့။ ဒါတွေက ဘာမှ အကြုံးမဝင်တော့ပါဘူး။ ၂၀၂၅ မှာ ပြည်သူလူထု က ရွေးကောက်တင်မြှောက်တဲ့ အစိုးရက ပေါ်ပေါက်လာပြီ။ အာဏာဆိုတာ ထာဝရပေးတာမှ မဟုတ်တာဗျ။ ၅နှစ်တစ်ကြိမ် အပြောင်းအလဲဖြစ်နေမှာပဲ။ အခုထိ ၂၀၂၀ ရွေးကောက်ပွဲဆိုတာကို ပြောနေမယ်ဆိုရင် မိမိတို့ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေကိုလည်း ဝန်ခံသင့်ပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေက အဓိပ္ပာယ်မရှိပါဘူး။ NLD ဆိုတာလည်း ဒီကောင်တွေပဲ။ CRPH, NUG က ကောင်တွေပဲ ပုံစံအမျိုးမျိုးနဲ့ လုပ်နေတာပါ။ ဒီကောင်တွေ လုပ်လို့ ပြည်သူလူထုအတွက် ဘာမှ ကောင်းကျိုးရစရာ မရှိဘူး။ ပြည်သူများအနေနဲ့လည်း NLD ဆိုတိုင်း လိုက်ပြီး သံယောင်လိုက်မနေကြနဲ့။ NLD ဖျက်လို့ တိုင်းပြည် ပျက်ခဲ့ပြီးပြီ။ တစ်ခါသေဖူး ပျဉ်းဖိုးနားလည်ကြပေါ့ဗျာ" ဟု သုံးသပ်ပြောဆိုသည်။
#News #Myanmar