Eleven Media Group

■ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မြို့နယ်အတွင်းအထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၂) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်အတွင်းအထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၂ ) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်န့ နံနက်အစောပိုင်းအချိန်က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ် စံခလဘူရီနယ်မြေရဲစခန်း၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်အပါအဝင် ပူးပေါင်းအဖွဲ့များမှ နောင်လူးကျေးရွာအုပ်စု၊ အမှတ် (၈) ရပ်ကွက်ရှိ သစ်သီးခြံအနောက်ဘကတောစပ်တွင် လူအုပ်စုတစ်စုအား တွေ့ရှိခဲ့သည်။

ထို့နောက် ထိုင်းအာဏာပိုင်းများမှ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား/အမျိုးသမီး စုစုပေါင်း (၄၂) ဦးအားတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုကြသည်။

၎င်းအထောက်အထားမဲ့မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပြုထားကြောင်း သက်သေပြနိုင်သည့်အထောက်အထားများမပြသနိုင်ကြသည့်အပြင်၊ ထိုင်းဘာသာစကားကိုလည်း ပြောဆိုနားလည်ကြခြင်းမရှိကြောင်း နှင့် ၎င်းတို့အား စံခလဘူရီရဲစခန်းသို့ ပို့ဆောင်ထားပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်သူ နိုင်ငံခြားသား” ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးထားပြီး တရားစွဲဆိုသွားရန်ရှိကြောင်းလည်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းရှိ ကန်ချနဘူရီ - စံဖန်ဘူရီအဝေးပြေးကားလမ်းတွင် အရှိန်ဖြင့်မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ယာဉ်တစ်စီးအား ထိုင်းအဝေးပြေးလမ်းရဲတပ်ဖွဲ့နှင့် ဆိုင်းယော့မြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံတားဆီးခဲ့ရာ ထိုပစ်ကပ်ယာဉ်မှာအရှိန်လွန်ပြီး လမ်းဘေးသို့ထိုးကျသွားခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ထိုပစ်ကပ်ယာဉ်ပေါ်တွင် ယာဉ်မောင်းအဖြစ် မြန်မာနိုင်ငံသားတစ်ဦး နှင့်အတူ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆) ဦးတို့အားတွေ့ရှိခဲ့ရကြောင်းပြီး ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းနိုင်ငံဘက်မှလသည့် သတင်းများအရ သိရသည်။

■ Photo Credit – Thai News

မူရင်းသတင်း — Eleven Media Group