
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တွင် ဆွာချောင်းရေတိုက်စားမှုများကြောင့် ချောင်းကမ်းပါးပြို ကျပျက်စီးမှုများ ကြုံတွေ့နေရပြီး ဆွာချောင်းအနီး ကျေးရွာအချို့မှ စိုက်ပျိုးမြေများ ချောင်းအတွင်း မျောပါ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
အနောက်ပဲခူးရိုးမရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်တောများမှ ချောင်းဖျားခံ စီးဆင်းလာသည့် သိုင်းချောင်း သည် ဆွာမြို့ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ကမ်းပါးနီကျေးရွာအနီးတွင် ဆွာချောင်းအတွင်းသို့ စီးဝင်ကြကြောင်း သိရသည်။
အဆိုပါဆွာချောင်းရေများသည် အရှေ့ဘက်သို့ ဆက်လက်စီးဆင်းကာ ဆွာမြို့၊ သရက်တောကျေးရွာ၊ ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းအနီးတွင် စစ်တောင်းမြစ်အတွင်းသို့ ပေါင်းဆုံ စီးဝင်ကြောင်း သိရသည်။
ယခုကဲ့သို့မိုးများသည့်အချိန်ကာလများတွင် အနောက်တောင်များမှ စီးဝင်လာသည့် တောင်ကျရေများမှာ ဆွာချောင်းအတွင်းသို့စီးဝင်၍ ရေစီးအားပြင်းထန်လာပြီး နုန်းအနည်အနှစ်များ အများအပြား ပါဝင်လာကာ သဲသောင်များ ဖြစ်ပေါ်ခဲ့ကြကြောင်း၊ အဆိုပါ သဲသောင်များကြောင့် ဆွာချောင်းတစ်လျှာက် ရေစီးကြောင်း ပြောင်းလဲခြင်းနှင့် ရေတိုက်စားခြင်းများကြောင့် ချောင်းကမ်းပါးများ ပြိုကျခြင်းများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
လတ်တလောတွင် ဆွာချောင်းရေတိုက်စားခြင်းကြောင့် ဆွာဆည်တမံအောက်ပိုင်း ဆွာချောင်းတစ်လျှောက်ရှိ ကျေးရွာများအနက် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ကြာအင်း၊ တံတားကြီး၊ ရေနီးနှင့် သရက်တောကျေးရွာများ တွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေပြီး ကြာအင်းနှင့် ရေနီးကျေးရွာများမှာ ကမ်းပြိုမှုအခြေအနေ ပိုမိုဆိုးရွားနေ ကြောင်း သိရသည်။
ထိုသို့ ဆွာချောင်းရေတိုက်စားမှုကြောင့် ကြာအင်းကျေးရွာအနောက်ဘက်ရှိ စိုက်ပျိုးမြေများ ပြိုကျဆုံးရှုံးလျှက် ရှိပြီး စပါး၊ ကြံ စသည့် သီးနှံစိုက်ခင်းများလည်း ကမ်းပါးနှင့်အတူ ချောင်းအတွင်း မျောပါဆုံးရှုံးလျှက်ရှိကြောင်း၊ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ချောင်းနှင့် နီးကပ်သည့် စိုက်ပျိုးမြေများ ထပ်မံဆုံးရှုံးနိုင်သည့် အပြင် လယ်ယာလုပ်ကိုင်သူများ၏ ရာသီသီးနှံများ ပျက်စီးဆုံးရှုံးမှုလည်း ပိုမိုများပြားလာနိုင်ကြောင်း ဒေသခံ တစ်ဦး ပြောကြားချက်အရ သိရသည်။
ဆွာချောင်းတစ်လျှောက် ကမ်းပါးပြိုကျမှုများသည် မိုးများသည့်အချိန် တောင်ကျရေများ ဝင်ရောက်လာခြင်းနှင့် ရေစီးအားပြင်းထန်ခြင်းတို့ကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ။ ဆွာချောင်းရေတိုက်စားခြင်းကြောင့် ကမ်းပါးများ ပြိုကျပျက်စီးနေသည်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။