Eleven Media Group

■ဖြူးမြို့တွင် အွန်လိုင်းဘောလုံးလောင်းကစားပြုလုပ်သူ ၈ ဦးနှင့် ဖဲလောင်းကစားပြုလုပ်သူ ၅ ဦးတို့အား ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့တွင် တရားမဝင်အွန်လိုင်းဘောလုံးလောင်းကစားပြုလုပ်နေသူ ၈ ဦးနှင့် ဖဲလောင်းကစားပြုလုပ်သူ ၅ ဦးတို့အား စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။

စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဖြူးမြို့၊ သိမ်ကုန်းရပ်ကွက်၊ ဗထူး(၆)လမ်းရှိ အောင်ကိုသက်၏ နေအိမ်တွင် တရားမဝင်အွန်လိုင်းဘောလုံးလောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လက်စွဲဝင်ရောက် ရှာဖွေဖမ်းဆီးခွင့်ဝရမ်း အမှတ် (၅/၂၀၂၆) ဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ နေအိမ်ပိုင်ရှင် အောင်ကိုသက်အား ဖမ်းဆီးရမိခြင်းမရှိသော်လည်း နေအိမ်အတွင်း တရားမဝင်အွန်လိုင်းဘောလုံးလောင်းကစားပြုလုပ်နေသူများဖြစ်သည့် နိုင်ဝင်း၊ မင်းသန့်အောင်၊ ဟိန်းဝေဖြိုး(ခ) ဝေကြီး၊ ကျော်မင်းထက်၊ အောင်ရဲနိုင်(ခ)အောင်အောင်၊ ဟန်မင်းမင်းအောင်၊ ထွန်းလင်းခန့်နှင့် ဝတ်ရည်ဖူးအောင်(ခ)ချစ်စုမတို့ ၈ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ထံမှ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဖုန်း ၂၅ လုံး၊ Tablet ၂ လုံး၊ Laptop ၃ လုံးနှင့် ငွေစက္ကူရောရာ ကျပ် ၁၃၅,၀၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖြူးမြို့မရဲစခန်းတွင် (ပ)၆၀/၂၀၂၆ ဖြင့် အမှုဖွင့်လှစ်ကာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာရှိ ဦးကျော်စိုးလွင်၏ နေအိမ်တွင် ဖဲလောင်းကစားဝိုင်းပြုလုပ်နေကြောင်း သတင်းအရ ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် ဦးကျော်စိုးလွင်အပါအဝင် ဦးဝင်းဆွေ၊ ဦးကျော်မျိုးနိုင်၊ ဦးဆန်းဝင်းနှင့် ဦးဇင်မော်ဦးတို့ ၅ ဦးအား ဖဲချပ် ၁၁၀ ရွက်နှင့် လောင်းကစားဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၆၈၁,၀၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group