
U.S. News က နောက်ဆုံးထုတ်ပြန်သည့် ဘာသာရပ်အလိုက် တက္ကသိုလ်အဆင့် သတ်မှတ်ချက်များအရ တရုတ်တက္ကသိုလ်များက STEM ဘာသာရပ်များတွင် ကမ္ဘာ့အဆင့် ပထမနေရာများကို ရရှိထားသည်။
STEM (Science, Technology, Engineering, and Math) ဘာသာရပ် ၄၇ ခုအနက် တရုတ်နှင့် စင်ကာပူတက္ကသိုလ်များက ဘာသာရပ် ၂၅ ခုတွင် ကမ္ဘာ့နံပါတ်တစ်နေရာ ရရှိထားပြီး ယင်းတို့အနက် တရုတ်ပြည်မကြီးရှိ တက္ကသိုလ်များက ၂၃ နေရာအထိ သိမ်းပိုက်ထားသည်။
တရုတ်တက္ကသိုလ်များအနက် ချင်းဟွာတက္ကသိုလ်က အထူးပင်ထင်ရှားပြီး AI ၊ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာအပါအဝင် ဘာသာရပ် ၁၀ ခုတွင် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နေသည်။စင်ကာပူနန်ယန်းနည်းပညာတက္ကသိုလ် (NTU)က လျှပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဘာသာရပ်တွင် ကမ္ဘာ့နံပါတ်တစ်နေရာ ရရှိခဲ့ပြီး စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) က ရူပဗေဒ ဘာသာရပ်ခွဲတစ်ခုဖြစ်သည့် အလင်းဗေဒဘာသာရပ်တွင် ထိပ်ဆုံးနေရာ ရရှိခဲ့သည်။
အမေရိကန်တက္ကသိုလ်များက STEM ဘာသာရပ် ၂၁ ခုတွင် ကမ္ဘာ့နံပါတ်တစ်နေရာ ရရှိထားပြီး Clinical Medicine ၊ ကင်ဆာဗေဒ၊ ကိုယ်ခံအားဗေဒနှင့် အာရုံကြောသိပ္ပံ အပါအဝင် ဘာသာရပ် ၁၆ ခုကို ဟားဗတ်တက္ကသိုလ်က ဦးဆောင်ထားသည်။
စတန်းဖို့ဒ်တက္ကသိုလ်က သင်္ချာဘာသာရပ်တွင် ကမ္ဘာ့နံပါတ်တစ်၊ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) က ရူပဗေဒဘာသာရပ်တွင် နံပါတ်တစ်ရရှိထားသည်။ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က အာကာသသိပ္ပံဘာသာရပ်တွင် ကမ္ဘာ့နံပါတ်တစ် ဖြစ်နေသည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ဘာသာရပ်တွင် ထိပ်ဆုံးနေရာ ရရှိထားကာ ၊ တက္ကသိုလ်အားလုံးကို စုစုပေါင်းအဆင့် သတ်မှတ်ရာတွင် ဟားဗတ်တက္ကသိုလ်၊ MIT နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့က ပထမ၊ ဒုတိယနှင့် တတိယနေရာများတွင် အသီးသီးရှိနေပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကိန်းဘရစ်ချ်တက္ကသိုလ်တို့က စတုတ္ထနှင့် ပဉ္စမနေရာများတွင် ရပ်တည်နေသည်။
ချင်းဟွာတက္ကသိုလ်က ကမ္ဘာ့အဆင့် ၆ နေရာတွင်ရှိနေပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးတက္ကသိုလ် ၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းတွင် ပါဝင်လာသည့် တစ်ခုတည်းသော အာရှတက္ကသိုလ် ဖြစ်လာခဲ့သည်။ စင်ကာပူအမျိုးသားတက္ကသိုလ်က ကမ္ဘာ့အဆင့် ၁၆ ၊ နန်ယန်းနည်းပညာတက္ကသိုလ်က အဆင့် ၂၇ တွင် ရှိနေကြသည်။
■ Ref: VnExpress